DVB Logo
Home
Lead Story
စစ်ရိပ်အောက်မှ ပျောက်ဆုံးသွားသော နယ်စပ်မြို့
DVB
·
August 14, 2026
စစ်ရိပ်အောက်မှ ပျောက်ဆုံးသွားသော နယ်စပ်မြို့
Donate to DVB

နွေဦးတော်လှန်ရေး၏ ၁၀၂၇ စစ်ဆင်ရေး၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့များ ဦးဆောင်ကာ စစ်အာဏာရှင်တပ်ကို ရှမ်းမြောက်ဒေသတွင် ကြီးမားသော စစ်ရေးဖိအားပေးခဲ့သည့် စစ်ဆင်ရေး၏ လှိုင်းအပြောင်းအလဲများ ပြီးဆုံးသွားပြီးနောက် မုန်တိုင်းတိုက်ခတ်ပြီးစ ကျန်ရစ်ခဲ့သည့် ရှမ်းမြောက်ဒေသမှ သိန္နီမြို့ကလေးသည် ယခင်ကနှင့် မတူတော့ပြီ။ တောင်တန်းကြီးများကို နောက်ခံပြု၍ အေးချမ်းငြိမ်သက်ဖူးသော ထိုမြို့ကလေးသည် ပထဝီနိုင်ငံရေး၏ အလှည့်အပြောင်းကြားတွင် အရင်းအနှီး စီးပွားရေးစက်ဝိုင်းကြီး လည်ပတ်ရာ ဗဟိုချက် ဖြစ်လာခဲ့သည်။

စစ်ပွဲအပြီး ၂၀၂၆ ခုနှစ် မေလပိုင်းလောက်က သိန္နီမြို့တွင် ပေါ်ဆန်းမွှေး ဆန် ၆ ပြည်တအိတ်လျှင် ကျပ် ၆၀,၀၀၀ ခန့်သာ ရှိခဲ့သော်လည်း ယခုနှစ်မကုန်မီ လပိုင်းအတွင်းမှာပင် ကျပ် ၈၀,၀၀၀ အထိ မြင့်တက်သွားခဲ့သည်။ အိမ်ရှင်မတို့ ရွေးချယ်လေ့ရှိသည့် ဇာမဏီတံဆိပ် ၃ ပိဿာဝင် စားသုံးဆီဘူးများကိုပင် ဈေးနှုန်း အဆမတန် မြင့်တက်သွားမှုကြောင့် ဆိုင်အများစုက တင်မရောင်းရဲကြတော့ပေ။ အခြေခံစားသောက်ကုန်ဖြစ်သည့် ကော်ဖီ၊ ကြက်ဥဈေးများ သည်လည်း တနေ့ထက်တနေ့ မြင့်လာသည်။ ကျန်းမာရေးစရိတ်ကိုပင် ဆေးဖိုးဆေးခ မတတ်နိုင်သောကြောင့် ဆေးခန်းသွားရန် ရှောင်ကြဉ်ကြသည်အထိ ဖြစ်လာသည်။ ထိုသို့သော ကုန်ဈေးနှုန်း ကစဉ့်ကလျားဖြစ်မှုနှင့် စီးပွားရေး ပြောင်းလဲမှုများသည် ဒေသခံတို့၏ ဘဝအတွက်မူ ဝမ်းမြောက်စရာ အကြောင်း မဟုတ်ခဲ့ပေ။

မြို့၏ နေရာအနှံ့အပြားတွင် မိုးထိမတတ် မြင့်တက်လာသည့် အဆောက်အအုံသစ်များ၊ ဟိုတယ်ကြီးများနှင့် အနှိပ်ခန်း/KTV များသည် နယ်စပ်မှ စိမ့်ဝင်လာသော ပြင်ပစီးပွားရေး လုပ်ငန်းရှင်များ၏ အမြတ်ထုတ် ခြေရာများပင် ဖြစ်သည်။ မြို့၏ မြေကွက်များနှင့် တိုက်တာများကို ကြိုက်ဈေးပေး၍ ငှားရမ်း/ဝယ်ယူကြသော အရင်းအနှီးသမားများ၏ လုပ်ရပ်များကြားတွင် မူလမြို့ခံတို့၏ အသက်ရှူသံမှာ တစတစ တိုးညှင်းပျောက်ကွယ်သွားခဲ့ရ၏။ မြန်မာပြည်သူများနှင့် ဒေသခံများ ငွေကြေးကျပ်တည်းလာချိန်တွင် ပေါများလှသော ငွေကြေးအင်အားကို မတန်မရာ အသုံးချလာသည့် တရုတ်စီးပွားရေးသမားများကြောင့် မူလဒေသခံတို့ အလုပ်အကိုင် ရရှိရန်ပင် ခက်ခဲလာခဲ့ကြသည်။

ကျဉ်းထဲကြပ်ထဲ ရောက်နေရသည့် သိန္နီမြို့ခံတို့၏ လက်တွေ့ဖြစ်တည်မှုကို ဒေသခံ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ရင်ဖွင့်ပြသည်။

"အရင်က သိန္နီမှာ ဒီဆိုင်ခန်းကို အစ်မက ၃ သိန်းနဲ့ ငှားတာ၊ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ဆိုပြီး။ အခုတော့ တရုတ်တွေက တလကို ၁၀ သိန်းလောက် လာပေးတော့ နှစ်ကုန်ရင် အိမ်ရှင်က မငှားတော့ဘူးတဲ့။ အစ်မအတွက်ကျတော့လည်း တလ ၁၀ သိန်းဆိုတာ မတတ်နိုင်ဘူးလေ... ဆိုင်လေးပိတ်ပြီး ကုန်စိမ်းပဲ ရောင်းရမလားလို့ တွေးနေတာ။”

အလားတူပင် ဘာသာစကား အတားအဆီးနှင့် အခွင့်အလမ်း ပိတ်ပင်ခံရမှုကြောင့် မြို့ခံမိသားစုများ၏ စိတ်ပျက်ဝမ်းနည်းသံများကိုလည်း ဈေးအတွင်း၌ ခါးသီးစွာ ကြားရလေ့ရှိသည်။

"သမီးလေးက တရုတ်ဆိုင်တခုမှာ အလုပ်ရတယ်... တရုတ်စကား မတတ်လို့ဆိုပြီး မခေါ်ဘူးကွယ်။ အစတည်းက သိရင် တရုတ်စာ၊ တရုတ်စကား သင်ပေးပါတယ်။ အခုတော့ ဘွဲ့ရပညာတတ် ဖြစ်ပြီး အလုပ်အကိုင်က ဘာမှ မယ်မယ်ရရ မရှိဘူး..." ဟု ဒေသခံ အဒေါ်ကြီးတဦးက ညည်းတွားလိုက်သည်။

"ကြိုက်ဈေးပေးနိုင်သူများ၏မြို့" ဖြစ်လာသည့်အခါ အခြေခံ မြို့ခံလူထုအတွက် ရိုက်ခတ်မှုမှာ ချက်ချင်းပင် လက်တွေ့ကျလှသည်။ ခေါင်မိုးတခုအောက်တွင် ခိုလှုံခွင့်ရဖို့ အိမ်ငှားစရိတ်များသည် ထိန်းမနိုင် သိမ်းမရ မြင့်တက်သွား၏။ နေ့စဉ် လုပ်ခလစာဖြင့် ရုန်းကန်နေရသည့် အခြေခံ လူတန်းစားများအတွက်မူ အိမ်ငှားခ ပေးဆောင်ဖို့ပင် မတတ်နိုင်တော့သည်အထိ စီးပွားရေး ကြိုးဝိုင်းထဲတွင် အလဲထိုးခံလိုက်ရသည့် ဘဝများ ဖြစ်လာကြရသည်။

စစ်ဘေးဒဏ်နှင့်အတူ ကပ်ပါလာသည့် မိုးထိမြင့်တက်သွားသော ကုန်ဈေးနှုန်းနှင့် ကျန်းမာရေးစရိတ်များသည် မီးတောက်ကြီးတခုလို နေ့စဉ်ဘဝများကို လောင်မြိုက်လာခဲ့သည်။ နံနက်စာ စားသည့် ထမင်းပန်းကန်လုံးများသည် ပို၍ ပို၍ သေးငယ်သွားခဲ့ပြီး အိမ်ရှင်မတို့၏ ဈေးခြင်းတောင်းများမှာလည်း ယခင်ကထက် ပေါ့ပါးသွားခဲ့ရသည်။

ပို၍ ဝမ်းနည်းစရာကောင်းသည်မှာ မြို့တွင်း၌ အနှိပ်ခန်းများနှင့် စီးပွားရေးလုပ်ငန်းများစွာ ပေါ်ပေါ်ထင်ထင် ပေါ်ပေါက်လာသော်လည်း ထိုအလုပ်များသည် မြို့ခံတို့အတွက် ကောင်းကျိုးဖြစ်ထွန်းဖို့တော့ မဟုတ်ခဲ့ခြင်းပင်။ အလုပ်အကိုင် အခွင့်အလမ်းများအစား မြို့ခံတို့ ပိုင်ဆိုင်လိုက်ရသည်မှာ ကုန်ဈေးနှုန်း ဖိအားနှင့် အိမ်မဲ့ရာမဲ့ ဖြစ်လာမည်ကို စိုးရိမ်ရသည့် ကြောက်ရွံ့မှုများသာ ဖြစ်သည်။ အရင်းအနှီး မြှုပ်နှံမှုမှ ရရှိလာသော အမြတ်အစွန်းများသည်လည်း ဒေသခံများထံ သက်ရောက်စီးဆင်းမလာဘဲ မမြင်နိုင်သော အခြားတနေရာသို့သာ ပြန်လည်ထွက်ခွာသွားကြ၏။

စစ်ရေး အပြောင်းအလဲများအပြီး မြို့ကလေး ပြန်လည်အေးချမ်းသွားပြီဟု ထင်ရသော်လည်း ဒေသခံတို့၏ ရင်ထဲတွင်မူ ကုန်ဈေးနှုန်းဒဏ်၊ အိမ်ငှားခဒဏ်နှင့် ဝမ်းစာအတွက် ရုန်းကန်ရမှုတို့သည် မီးတောက်များသဖွယ် တမြည့်မြည့် လောင်ကျွမ်းနေဆဲဖြစ်သည်။

သိန္နီမြို့ခံတို့၏ လိုလားချက်မှာ မြို့တော်ဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် ပြင်ပအရင်းအနှီးများ ဝင်ရောက်လာမှုကို ငြင်းဆန်နေခြင်း မဟုတ်ပေ။ သို့သော် ထိုဖွံ့ဖြိုးမှု၏ အရိပ်အောက်တွင် မူလဒေသခံများ မြေဖုံးပင် မဖြစ်စေရန်နှင့် တရားမျှတသော အလုပ်အကိုင် အခွင့်အလမ်းများ၊ ကုန်ဈေးနှုန်း ထိန်းချုပ်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ အလေးထား ငဲ့ကွက်ပေးစေချင်ကြခြင်းသာ ဖြစ်ပေသည်။

မြတ်နိုးဖွယ် ရှမ်းမြောက် တောင်တန်းကြီးများကမူ ငြိမ်သက်စွာ စောင့်ကြည့်နေဆဲပင်...။

အဆောက်အအုံ မြင့်ကြီးများ၏ အရိပ်အောက်တွင် ပျောက်ကွယ်လုနီးဖြစ်နေသော သိန္နီမြို့ခံတို့၏ ဘဝများနှင့် ၎င်းတို့၏ တိုးတိတ်သော ငိုရှိုက်သံများကို နွေဦးတော်လှန်ရေး စက်ဝိုင်းကြီးက ကြားနိုင်ပါတော့မည်လော... သို့မဟုတ် မိမိတို့၏ မြေပေါ်တွင်ပင် အစွန့်ပစ်ခံ လူတန်းစားအဖြစ် တိတ်တဆိတ် ပျောက်ကွယ်သွားရတော့မည်လော။ ဤမေးခွန်းသည် ရှမ်းမြောက်တောင်တန်းကြီးများအောက်မှ အဖြေမရှိသေးသော မေးခွန်းတခုအဖြစ် ကျန်ရစ်နေပေတော့သည်။

သက်တန့်နွေဦး (နွေဦးနိုင်ကျဉ်းဟောင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013