
တရုတ်နိုင်ငံဟာ ပါရာဂွေးနိုင်ငံရဲ့ ဆက်သွယ်ရေးဝန်ကြီးနဲ့ ဘလိဇ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို အောက်တိုဘာ ၁၂ ရက်မှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။
သူတို့ဟာ တရုတ်ပြည်မကြီးအစိုးရကို စွပ်စွဲတိုက်ခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့တဲ့ သူတပါးရဲ့ အသုံးချခံတွေဖြစ်တယ်လို့ တရုတ်ဘက်က စွပ်စွဲပြောဆိုပါတယ်။
ပါရာဂွေးနဲ့ ဘလိဇ်နိုင်ငံတို့ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ နိုင်ငံ ပေါင်း ၁၂ နိုင်ငံထဲက နိုင်ငံတွေပါ။
ထိုင်ဝမ်ဟာ တရုတ်ရဲ့ ပြည်နယ်တခုသာဖြစ်ပြီး နိုင်ငံတနိုင်ငံအနေနဲ့ ရထိုက်တဲ့ အခွင့်အရေးတွေ မရှိဘူးလို့ တရုတ်နိုင်ငံက ပြောလေ့ရှိပေမဲ့ ထိုင်ဝမ်အစိုးရက ဒီအဆိုကို အပြင်းအထန် ငြင်းပယ် ထားပါတယ်။
ထိုင်ဝမ်ရဲ့ သံတမန်ရေး မဟာမိတ်နိုင်ငံတွေက ဝန်ကြီးတွေဟာ တရုတ်နိုင်ငံဆီ သွားလေ့ မရှိကြလို့ ဒီပိတ်ဆို့အရေးယူမှုတွေဟာ အဓိကအားဖြင့် သင်္ကေတသဘောသက်သက်သာ ဖြစ်ပါတယ်။
အရင်ကလည်း ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ထောက်ခံတဲ့အတွက် အနောက်နိုင်ငံ တွေက နိုင်ငံရေးသမားတွေကို ဒီလို ပိတ်ဆို့အရေးယူခဲ့ဖူးပါတယ်။
ရုံးချိန်ပြင်ပမှာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေအပေါ် ပါရာဂွေးနိုင်ငံရဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနနဲ့ ဘလိဇ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်း တုံ့ပြန် ဖြေကြားတာ မရှိခဲ့ပါဘူး။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ချက်ချင်းမှတ်ချက်မပေးသေး ပါဘူး။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီအရေးယူဆောင်ရွက်ချက်တွေအတွက် နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အကြောင်းပြချက်အဖြစ် ထုတ်ပြောခဲ့ပါတယ်။
ဘလိဇ်နဲ့ ပါရာဂွေးနိုင်ငံတို့က နိုင်ငံရေးသမားတချို့က သူတို့နိုင်ငံတွေဟာ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး ဆက်ထားဖို့ တွန်းအားပေးဆောင်ရွက်ခြင်းအားဖြင့် "တရုတ်ဆန့်ကျင်ရေး" သဘောထားကို ပြသခဲ့ကြတယ်လို့ ပြောခဲ့ကြပါတယ်။
Source:Reuters











