ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ “Battle of the Giants” ပွဲတော်မှာ ဧရာမဖရုံသီးတွေကို လှေအဖြစ်ပြောင်းပြီး ရေကန်ထဲမှာ လှော်ခတ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင်တွေက ကီလိုဂရမ် ၄၀၀ ကနေ ၅၀၀ လောက်အထိ လေးတဲ့ ဖရုံသီးတွေကို အတွင်းသားထုတ်ပြီး လှေအဖြစ် ပြင်ဆင်ခဲ့ကြပါတယ်။
ဒီပြိုင်ပွဲဟာ ရုရှားနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက Shrek နဲ့ Stitch လို ဇာတ်ကောင်ဝတ်စုံတွေ အပါအဝင် ပုံစံမျိုးစုံ ဝတ်ဆင်ပြီးတော့ လှော်ခတ်ခဲ့ကြတာပါ။
ပြိုင်ပွဲဝင် နာတာလီ ဖီလိုနိုဗာ-နက်ရှာက သူစိုက်ထားတဲ့ ဖရုံသီးဟာ ၅၄၉ ကီလိုဂရမ် လေးပြီး ဧရာမဖရုံသီး စိုက်ပျိုးပြိုင်ပွဲမှာ တတိယရခဲ့တယ်လို့ ပြောပါတယ်။
“ဒီနေ့တော့ ဒီဖရုံသီးနဲ့ လှေစီးမှာပါ။ အခု ရေထဲချနိုင်အောင် လှေအဖြစ် ပြောင်းနေပါတယ်” လို့ နာတာလီက ပြောပါတယ်။
ရေကန်ဘေးမှာလည်း ပရိသတ်တွေ စုဝေးကြည့်ရှုခဲ့ပြီး ဧရာမဖရုံသီးတွေ ရေပေါ်မျောနေတဲ့ ထူးခြားတဲ့မြင်ကွင်းက ပွဲတော်ရဲ့ အဓိကဆွဲဆောင်မှု ဖြစ်ခဲ့ပါတယ်။
ဒီပွဲတော်မှာ ရုရှားနိုင်ငံ ဒေသ ၇၅ ခုက စိုက်ပျိုးသူတွေ ထွက်ရှိထားတဲ့ စံချိန်တင် ဟင်းသီးဟင်းရွက်မျိုးစုံ ၂၀၀ ကျော်ကိုလည်း ပြသခဲ့ပါတယ်။










