
အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးထိန်းသိမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ထိုင်းနိုင်ငံဆီ ခရီးမသွားကြဖို့ ရုရှားအစိုးရက သူ့ရဲ့ နိုင်ငံသားတွေကို သတိပေးလိုက်တဲ့အကြောင်း Khaosod သတင်းမှာ ဇွန် ၁၅ ရက်က ဖော်ပြပါ တယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံဟာ လာရောက်လည်ပတ်သူ အားလုံးအတွက် ဘေးကင်းပြီး ကြိုဆိုနေတယ်လို့ ချက်ချင်းပဲ တုံ့ပြန်ပြောပါတယ်။
အမေရိကန်ရဲ့ ဖမ်းဆီးခံရနိုင်ခြေရှိတယ်လို့ အနည်းငယ်လောက် သံသယရှိသူ ရုရှားနိုင်ငံသားတွေအနေနဲ့ လေယာဉ်ခရီးစဉ် စောင့်ဆိုင်းရုံအပါအဝင် ထိုင်းနိုင်ငံဆီ လုံးဝမသွားကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တိုက်တွန်းပါတယ်။
ဒါ့အပြင် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေဟာ ထိုင်းအာဏာပိုင်တွေကို ကျော်လွန်ပြီး ရုရှားနိုင်ငံသားတွေကို ဖမ်းဆီးဖို့ လျှို့ဝှက်စစ်ဆင်ရေးတွေလုပ်နေတယ်လို့ စွပ်စွဲထားသလို ထိုင်းနိုင်ငံဟာ ရုရှားနိုင်ငံသားတွေကို ဖမ်းဆီးဖို့ ဝါရှင်တန်ရဲ့ အဓိကနေရာတခု ဖြစ်နေတယ်လို့ Moscow Times သတင်းမှာ ဖော်ပြပါတယ်။
အခုလို သတိပေးချက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရုရှားဟက်ကာလို့ သံသယရှိသူ ဒန်းနစ် အိုဘရက်ဇ်ကို အမေရိကန်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့ အချိန် ၄ နှစ်ကျော်ကစလို့ အမေရိကန်က ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီးနောက်ပိုင်းမှာ ရုရှားနိုင်ငံသားတွေကို အခုလို ပစ်မှတ်ထားမှုတွေ ပိုမိုပြင်းထန်လာတာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒီထုတ်ပြန်ချက်အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ယာယီညွှန် ကြားရေးမှူးချုပ်နဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ပန်နီဒေါ ပါချီဆာဝပ်က ပြန်လည်တုံ့ပြန်ရာမှာတော့ ထိုင်း-ရုရှား ဆက်ဆံရေးဟာ ကဏ္ဍစုံမှာ ခိုင်မာစွာရှိနေဆဲဖြစ်သလို လာမဲ့ ၂၀၂၇ ခုနှစ်မှာ ၂ နိုင်ငံ သံတမန်ဆက်ဆံရေး ၁၃၀ ပြည့်မြောက်တော့မယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွင်းက ဥရောပနိုင်ငံတွေထဲမှာ အများဆုံး ဖြစ်တဲ့ ရုရှား ကမ္ဘာလှည့်ခရီးသည် ၁ ဒသမ ၉ သန်းနီးပါးကို လက်ခံကြိုဆိုခဲ့ပြီး လက်ရှိမှာလည်း နိုင်ငံစုံက ခရီးသွားတွေကို ဆက်လက်ကြိုဆိုနေတယ်လို့ ပန်နီဒေါ က ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဟာ လူမျိုးမရွေး၊ နိုင်ငံမရွေး ခရီးသွားအားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ဘေးကင်းလုံခြုံတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လာရောက်လည်ပတ်သူအားလုံး ထိုင်းဥပဒေကို လိုက်နာဖို့ မျှော်လင့်သလို ဥပဒေစိုးမိုးရေးကိုလည်း ခွဲခြားမှုမရှိဘဲ ဆောင်ရွက်နေတယ်လို့ ဖြည့်စွက်ပြော လိုက်တာပါ။
ရုရှားခရီးသွားလုပ်ငန်းရှင်များအသင်းကတော့ ရုရှားခရီးသွားတွေ ထိုင်းနိုင်ငံမှာ အပန်းဖြေနေချိန် ဖမ်းဆီးခံရမှုမျိုးနဲ့ မကြုံတွေ့ရသေးကြောင်း ပြောထားပေမဲ့၊ ဥပဒေအရ အရေးယူခံရနိုင်ခြေ ရှိသူတွေအနေနဲ့ ဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်ကို ဂရုပြုသင့်တယ်လို့ အကြံပြုထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod










