
အမေရိကန်စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်တစင်း ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုမြို့ ဗနူကိုဗိုလေဆိပ်မှာ သြဂုတ် ၂၅ ရက်က ဆင်းသက်ခဲ့တာကို လေယာဉ်ခရီးစဉ် ခြေရာခံဝန်ဆောင်မှုဌာန Flightradar24 ရဲ့ အချက်အလက်တွေက ပြသထားပါတယ်။
အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ဘိုးရင်းဂလုပ်ဘ်မာစတာ လေယာဉ်ကြီးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်နားက Camp Springs လေတပ်စခန်းကနေ သြဂုတ် ၂၃ ရက်မှာ လတ်ဗီယာနိုင်ငံ၊ ရီဂါမြို့ကို ရောက်လာခဲ့ကာ ဒီနောက် ရီဂါမြို့ကနေ တိုက်ရိုက်ပျံသန်းခဲ့ပြီး မော်စကိုမြို့တော်ဆီ ဆင်းသက်ခဲ့တာပါ။
ကုန်စည် ဒါမှမဟုတ် ခရီးသည်တွေ သယ်ဆောင်လာခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ပါဘူး။ လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ပေးစရာ မရှိဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောပါတယ်။
အမေရိကန် မှတ်ပုံတင်ထားတဲ့ ဂျက်လေယာဉ်ဟာ အခုနှစ် ဇန်နဝါရီလမှာ ဥရောပကနေ ရုရှားဆီ နောက်ဆုံး တိုက်ရိုက်ပျံသန်းခဲ့ပြီး ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အထူးသံတမန် စတီဗင်ဝစ်ကော့ဖ်နဲ့ ဂျရက်ဒ်ကုရှ်နာတို့ကို သယ်ဆောင်လာခဲ့ဖူးပါတယ်။
အီရန်စစ်ပွဲကြောင့် အမေရိကန်နဲ့ ရုရှားအကြား ယူကရိန်းအရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေချိန်မှာ ဝစ်ကော့ဖ်နဲ့ ဂျရက်ဒ်ကုရှ်နာတို့ရဲ့ မော်စကိုဆီ နောက်ထပ်လာရောက် လည်ပတ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် မရှိသေးဘူးလို့ ကရင်မလင်က ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။
Source: Reuters











