
ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမြို့လယ်က ကူဒရင်စကာယာ ရင်ပြင်မှာရှိတဲ့ ကော်ဖီဆိုင်တဆိုင်နားမှာ ပေါက်ကွဲမှုတခုကြောင့် ဗုံးခွဲသူ အပါအဝင် လူ ၃ ယောက် သေဆုံးပြီး ၂၁ ယောက် ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာက သြဂုတ် ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီ၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံအရာရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။
ပေါက်ကွဲတဲ့နေရာမှာ အရေးပေါ်ဌာနကလူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိနေတာကို ရုရှားသတင်းဌာန ရီယာ နိုဗိုစတီက ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းမှာ ပြထားပါတယ်။
စားသောက်ဆိုင်ထဲကို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းကို သယ်လာဖို့ ကြိုးစားခဲ့တဲ့ အမည်မသိ အမျိုးသမီးတယောက်၊ လုံခြုံရေးအစောင့်တယောက်နဲ့ ဧည့်သည်တယောက်တို့ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ သတင်းဌာနကပြောပါတယ်။
အမျိုးသမီးက ဗုံးကို ဆိုင်ထဲခိုးသွင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဗုံးမပေါက်ကွဲမီ လုံခြုံရေးအစောင့်က သူ့ကို ဝင်ခွင့်မပြုခဲ့ဘူးလို့လည်း ရီယာ နိုဗိုစတီက ဖော်ပြပါတယ်။
တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေဆဲလို့ မော်စကို စုံစမ်းစစ်ဆေးရေး ကော်မတီက သတင်းဌာနကို ပြောခဲ့ပါတယ်။










