DVB Logo
Home
Lead Story
မြန်မာ့စိန်တလုံး တရုတ်စိန်တလုံးကြောင့် ဈေးကွက်မှာ နေရာဖယ်ပေးရတော့မလား 
DVB
·
June 27, 2026
Photo:DVB
Photo:DVB
Donate to DVB

ပြီးခဲ့တဲ့ဇွန်လဆန်းက တရုတ်သစ်သီးဈေးကွက်ကို ရောက်ရှိခဲ့တဲ့ သစ်သီးဝလံအဖွဲ့တွေက တရုတ်စိန်တလုံးတွေ ဈေးကွက်ထဲမှာ အများအပြားတွေ့ရတာကို လူမှုကွန်ရက်ကနေ အသိပေးလာပါတယ်။ စိန်တလုံးသရက်ဟာ မြန်မာ့ဒေသမျိုးရင်း သရက်မျိုးဖြစ်ပြီး တရုတ်နိုင်ငံအပါအဝင် ဘယ်နိုင်ငံကိုမှ တရားဝင်မျိုး ပေးအပ်ထားတာမရှိဘူးလို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီလို စိန်တလုံးသရက်သီးနဲ့ပတ်သက်ပြီး မြန်မာနဲ့ တရုတ်နိုင်ငံအကြား အပင်မျိုးဗီဇပစ္စည်းတွေလဲလှယ်တဲ့ Germplasm exchange အစီစဥ်တွေ မရှိခဲ့ပေမဲ့ တရုတ်နိုင်ငံက တရားမဝင် ယူစိုက်ထားတဲ့ မြန်မာစိန်တလုံးမျိုးတွေကတော့ အလုံးအရင်းနဲ့ ထွက်ရှိလာပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတဲ့ မြန်မာစိန်တလုံး ဈေးကွက်ကိုပါ ခြိမ်းခြောက်လာတဲ့အထိ လက်ရှိ ၂၀၂၆ စိန်တလုံးသရက်ရာသီမှာ ကြုံတွေ့လာရပါ တယ်။

တရုတ်စိန်တလုံးဒဏ်ကို အများဆုံးခံရတဲ့ ရပ်စောက်ဒေသက သရက်တောင်သူများ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်ဒေသဟာ စိန်တစ်လုံးသရက် အများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်ပေါ်ဒေသဖြစ်ပါတယ်။ တောင်ပေါ်ဒေသရဲ့ အေးမြတဲ့ရာသီဥတုကြောင့် အဲ့ဒီဒေသက ထွက်ရှိတဲ့ စိန်တလုံးဟာ မြေပြန့်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေးက ထွက်ရှိတဲ့ စိန်တလုံးသရက်သီးတွေ ရာသီကုန်ချိန်ကျမှ ထွက်ရှိလာတာဖြစ်ပါတယ်။ တောင်ပေါ်စိန်တလုံးသရက်ပေါ်ပြီး ရက် ၂၀ လောက်မှာ တရုတ်စိန်တလုံးတွေ ထွက်ရှိလာတာဖြစ်လို့ သွင်းအားစုဈေးကြီးလို့ အသုံးမပြုနိုင်တော့တဲ့ မြန်မာသရက်တွေဟာ အရည်သွေးကျဆင်းလာပြီး တရုတ်စိန်တလုံးကို မယှဥ်နိုင်တော့ဘဲ ဈေးတွေ ပြုတ်ကျလာပါ တယ်။ ရပ်စောက်ဒေသကထွက်ရှိတဲ့ အလုံး ၃၀ပါ သရက်သီးတခြင်းက ကျပ် ၅၀,၀၀၀ လောက်မှ တောင်သူအကျိုးမြတ်ရှိပေမဲ့ ကျပ်၃၈,၀၀၀ အထိ ဈေးကျဆင်းခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ရပ်စောက်ဒေသက သရက်တောင်သူတဦးကတော့ အိပ်စ်ပို့ရောင်းတန်းဝင် ဝင်ငွေရသီးနှံအဖြစ် ရည်ရွယ်ပြီး စိန်တလုံးသရက်မျိုးကို ရွေးချယ်စိုက်ပျိုးခဲ့ပေမဲ့လည်း တရုတ်စိန်တလုံးရိုက် ခတ်မှုဒဏ်ကြောင့် ရောင်းပန်းမသာတော့တဲ့ အခြေနေကို အခုလို ပြောပါတယ်။

“အခုက သူတို့ပေါ်လာပြီဆိုတဲ့အခါကျတော့ သူတို့ဆီမှာရှိနေပြီးသားဖြစ်သွားတော့ ကိုယ့်ဆီက မဝယ်တော့ ရက်လေးက ဘယ်လောက်ပဲကွာလဲဆိုတော့ ကျနော်ထင်တာတလတောင်မပြည့်ဘူး၊ ရက်ပေါင်း ၂၀ လောက်ပဲ။ ပြီးရင် ရှမ်းတောင်ကပေါ် ပြီးရင် သူတို့က ပေါ်တဲ့အနေထားမှာရှိတယ်။ အဲ့ဒါကြောင့် ဒီကရောင်းရတဲ့ အနေထားကျတော့လည်း ရောင်းပန်းမသာတော့ဘူး။ သယ်ယူစရိတ်နဲ့ နိုင်ငံရေးအခြေနေနဲ့ ဒီဘက်ကကျတော့ အသီးရဲ့ အရည်အသွေးကလည်း ပိုသာတယ်လို့ ပြောရ မှာပေါ့။ အဲ့ဒါကြောင့် ရောင်းရတဲ့ အနေထားက ၆ လပိုင်းလောက်က စမယ်ဆိုရင်တောင်မှ အတွင်းလောက်မှာပဲ ဈေးတွေက ကောင်းတဲ့အနေထားမျိုးဖြစ်တယ်။”

တရုတ်ပြည်ရောက် မြန်မာစိန်တလုံးသရက်မျိုး

မြန်မာ့စိန်တလုံးသရက်ရာသီဟာ မြေပြန့်ဒေသမှာ ဧပြီလမှာ စတင်တတ်ပြီး ရပ်စောက်၊ ပင်းတယ စတဲ့ တောင်ပေါ်ဒေသကတော့ ဇွန်လကနေ ဇူလိုင်လဆန်း ပိုင်းအထိ ရှိနေတတ်ပါတယ်။ မြန်မာ့တောင်ပေါ်ဒေသက သရက်ပေါ်ပြီး ရက် ၂၀ လောက်အကြာမှာတော့ တရုတ်စိန်တလုံးလို့ ပြောနေကြတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အနောက်ပိုင်း၊ စစ်ဆောင်ပနားပြည်နယ်ထဲက ပေါက်ရှန်မြို့ရှိ သရက်သီးအများဆုံးထွက်ရှိရာ လုကျန်းချိုင့်ဝှမ်းဒေသထဲမှာ စိုက်ပျိုးထားတဲ့ မြန်မာမျိုးစိန်တလုံးသရက်သီးတွေ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစိန်တလုံး ကြိုက်နှစ်သက်တဲ့ တရုတ်လူမျိုးတွေဟာ အဲ့ဒီသရက်မျိုးကို ယူဆောင်စိုက်ပျိုးခဲ့ပြီး စစ်တပ် အာဏာသိမ်းလိုက်တဲ့ဒဏ်ကြောင့် မြန်မာစိန်တလုံးသရက် စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်း ယိုင်နဲ့ လာပေမဲ့ တရုတ်စိန်တလုံးတွေကတော့ အထွက်နှုန်းကောင်းကောင်းနဲ့ လှလှပပ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

ယိုင်နဲ့လာတဲ့ အညာက စိန်တလုံးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်း

စစ်တပ် အာဏာသိမ်းပြီး ၅ နှစ်အတွင်းမှာ တရုတ်နိုင်ငံက စိုက်ပျိုးထားတဲ့ စိန်တလုံးသရက်သီးတွေက တဧကကို အနည်းဆုံး ၇ တန်နှုန်းနဲ့ အလုံးအရင်းထွက်ရှိလာပြီး တန်ချိန် ၄ သိန်း လောက်ထွက်ရှိခဲ့တဲ့ မြန်မာ့အညာဒေသက စိန်တလုံးသရက်ခင်းတွေကတော့ စစ်ကြောင့် အပင်မပြုစုနိုင်တော့ဘဲ အသက်လု ထွက်ပြေးနေကြရတာကြောင့် တန်ချိန် ၁ သိန်းခွဲလောက်သာ ထွက်ရှိနိုင်တယ်လို့ မန္တလေးတိုင်း သရက်အသင်းက ခန့်မှန်းပါတယ်။ ကျောက်ဆည်၊ စဥ့်ကိုင်၊ မတ္တရာတကြောက သရက်ခြံတွေ အပင်မပြုစုနိုင်လို့ အရည်အသွေးကျဆင်းလာပြီးရာသီအစဈေးကွက်မှာ သရက်သီးတဖာကို ကျပ် ၇၀,၀၀၀ အထိ ဈေပွင့်လာပေမဲ့ တရုတ်နိုင်ငံကို တင်ပို့တဲ့ ဈေးကွက်ကျဆင်းလေ သရက်သီးဈေးက ကျပ် ၂၀,၀၀၀ ထိ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ရာသီအလယ်ဈေးကွက်မှာ မျက်နှာပန်းလှခဲ့တဲ့ စိန်တလုံးတွေလည်း ပွဲစားလာမဝယ်တော့တဲ့ အခြေအနေအထိ ပထမဆုံး ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။  

၂၀၂၆ သရက်ရာသီဟာ မြန်မာ့စိန်တလုံးအတွက် အသီးအရည်အသွေးရော ဈေးကွက်အရရော အနိမ့်ကျဆုံးဖြစ်သွားတဲ့ အခြေအနေကို စဥ့်ကိုင်မြို့နယ်၊ ဒုဌဝတီမြစ်ကမ်းနံဘေးက သရက်ခြံပိုင်ရှင်တယောက်က  ပြောပါတယ်။

“သရက်တောင်သူတွေ ဘယ်လိုပြောမလဲ တော်တော်ကို စိတ်ပျက်စရာနဲ့ ကြုံကုန်ကြတာပေါ့။ စိန်တလုံးတောင်မှ အမယ် နောက်နှစ်ဆိုအရောင်းကွက်ပျက်သလောက်ဖြစ်နေပြီ။ အရင် စိန်တလုံး တခါမှ ဈေးကွက်မပျက်ဖူးဘူးလေ။ ကျနော်တို့ မြန်မာ့စိန်တလုံးလေ။ နာမည်ကြီး စိန်တလုံးတောင်မှ နောက်ပိုင်းဈေးကွက်ပျက်တော့ စိန်တလုံးအပင်ပေါ်ကနေကို ဝယ်တဲ့ ပွဲစားတောင် လာမထိုးဘူး။ အဲ့လိုမျိုးကိုဖြစ်သွားတာ။ ဟင်္သာသီးဆိုရင်တော့ ပြောမနေနဲ့။ တကယ့်စိန်တလုံး နှစ်တိုင်းလိုလို ရောင်းပန်းဖြစ်တဲ့ စိန်တလုံးတောင်မှ ဒီနှစ်ရဲ့ ဈေးကွက်က တော်တော်လေးကို သရုပ်ပျက်သွားသေးတယ်။ အစောပိုင်းလေး ဟုတ်ပြီးတော့ နောက်ပိုင်းဈေးကွက်က တော်တော်လေးကို အိကျသွားတယ်။ တရုတ်ပြည် ၃ ခေါက်လောက်ပို့ တာ ၂ ခေါက်လောက် ဈေးတက်တဲ့ကောင်တွေရယ်၊ တခေါက်လောက်ရတော့ မရှုံးရုံတမယ်ဖြစ်တာ။ သူတို့ဆီပို့တော့လည်း မသေချာတော့ဘူး။ အရင်လို ၁၀၅ မိုင်က ဈေးကွက် အနေထားကို ကြည့်ပို့လိုက်ရင် သူ့ဟာနဲ့သူ ကွက်တိပဲ။ ပြည်မကြီးထဲကျတော့ သူတို့ဆီ ဈေးကွက်က ငြိမ်တယ်ပြောပြော၊ သူတို့ဆီ ပို့လိုက်ရင် တလွဲကြီးဖြစ်ဖြစ်သွားတာ။”

စစ်ဒဏ်ကို အများဆုံးခံရတဲ့ စစ်ကိုင်းတိုင်းရဲ့ စိန်တလုံးသရက်သီး စိုက်ပျိုးထုတ်လုပ်မှု

မန္တလေး၊ ကျောက်ဆည်၊ မတ္တရာဒေသအပြင် စစ်ကိုင်းတိုင်းကလည်း စိန်တလုံးသရက်ကောင်းထွက်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ မနှစ်က ၂၀၂၅ စစ်ကိုင်းငလျင်ကြောင့် ပြေးပြေးလွှားလွှားခူးဆွတ်ရတဲ့ စိန်တလုံးသရက်တွေ မန္တလေးမှာ စားသုံးနိုင်မှုနည်းပြီး ဈေးကွက်ကျဆင်းခဲ့သလို အခုနှစ်မှာလည်း တရုတ်ကို တင်ပို့တဲ့ စိန်တလုံးသရက်ပမာဏ လျော့ကျခဲ့တာကြောင့် ပြည်တွင်းအရောင်းပိုများလာပြီး ဈေးကျတဲ့ဒဏ်ကို ဆက်လက်ခံစားခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းရဲ့ စိန်တလုံးသရက်သီးဈေးကွက်ဟာ မန္တလေးက တဆင့် တင်ပို့တာဖြစ်ပြီး စစ်ကိုင်းဒေသရဲ့ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ဈေးကွက်အခြေအနေကို တိုင်းသရက် အသင်းအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အခြေနေကတော့မကောင်းဘူးလေ၊ အဲ့စစ်ကိုင်းတိုင်းဘက်က အနေထားကိုပြောရင် ခြံနဲ့ကို လူက သွားလို့လာလို့ နေလို့ထိုင်လို့မရတော့ ဆေးဖျန်းဖို့ ဘာညာက အဝေးကြီးဖြစ်နေတာ။ အသီးထွက်တဲ့အချိန် တချို့ခြံကတော့ ရသလောက်လေး အခြေနေကောင်းတဲ့ပေါ် မူတည်ပြီး ခူးရတာပေါ့။ ခူးပြီးမှ ရတဲ့အချိန်မှာ ရသလိုပဲ ဖြစ်သလိုပို့ရတာပေါ့။ အဲ့လိုပဲရှိတယ်။ ဈေးကွက်က‌တော့ ပြည်တွင်းစားသုံးတဲ့ ဈေးကွက်ကိုပဲ အဓိကထားပြီးတော့ လုပ်ရတာပေါ့။ ရောင်းရတာပေါ့။ အဲ့လိုပဲဖြစ်တာ။ စစ်ကိုင်းတိုင်းကတော့ တော်တော်အခြေနေဆိုးတာပေါ့။ အသီးထွက်တဲ့ဟာကလည်း ခြံပြုစုဖို့ နေနေသာသာ အသက်တောင် ပြေးနေရတဲ့ အနေထားဖြစ်တာဆိုတော့ ခြံဘက်ကို ကောင်းကောင်းမလှည့်နိုင်ဘူး။”

စစ်တပ်အာဏာသိမ်းပြီး ဆက်တိုက်မြင့်တက်လာတဲ့ သွင်းအားစုစရိတ်

စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၂ ဆောင်းသီးနှံ စိုက်ပျိုးချိန်ကစလို့ ဓာတ်မြေဩဇာဈေးတွေ ၃ ဆလောက် မြင့်တက်ခဲ့ပြီး မျိုးစေ့ကစလို့ ပိုးသတ်ဆေး၊ သရက်သီးအရည်အသွေးကောင်းအောင် အသုံးပြုရတဲ့ သရက်သီးကို စွပ်ရတဲ့ အိတ်တွေကလည်း တလုံးကို ကျပ် ၂၀ ကနေ ကျပ် ၂၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ၅ နှစ်အတွင်း အကျိုးအမြတ်မရှိခဲ့တဲ့ သရက်တောင်သူတွေဟာ သရက်ပင်ရေလောင်း၊ အစာကျွေးတာကစလို့ ပိုးမွှားကာကွယ်တာ၊ သရက်သီး အိတ်စွပ်တာ စတဲ့ အရည်အသွေးနဲ့အထွက်နှုန်းကောင်းအောင် ပြုလုပ်ရတဲ့ လုပ်ငန်းစဥ်တိုင်းကို လျှော့ချ လာရတဲ့အတွက် အဓိက တင်ပို့နေတဲ့ တရုတ်ဈေးကွက်မှာ အလုံးမလှတာ၊ ပိုးကိုက်အနာအဆာ တွေနဲ့ တင်ပို့ရတဲ့ သယ်ယူပို့ဆောင်စရိတ် ဈေးကြီးသလို လမ်းခရီးကြန့်ကြာမှုကြောင့် အသီးတွေ အလေအလွင့်ပျက်စီးတာတွေကလည်း တန်နဲ့ချီရှိခဲ့ပါတယ်။

အကောင်းဆုံးဒေသမျိုးရင်းကနေ နေရာဖယ်ပေးလာရတဲ့ မြန်မာ့စိန်တလုံး

စိန်တလုံးသရက်သီးဟာ အသီးပုံစံလှပမှု၊ အသားများပြီး အမျှင်မပါဘဲ အရသာချိုမြကောင်းမွန်မှုကြောင့် ပြည်တွင်းပြည်ပ ကြိုက်နှစ်သက်တဲ့ သီးနှံတမျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်စာရင်းအရ သရက်သီးတန်ချိန် ၁၅၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး အဲ့ဒီထဲမှာ စိန်တလုံးသရက်သီးက အများဆုံးပါဝင်ခဲ့ပါတယ်။ အခုအခါမှာတော့ သွင်းအားစုတွေကို အပြည့်အဝ အသုံးမချနိုင်တဲ့အတွက် မြန်မာ့စိန်တလုံးဟာ စားသုံးမှု အရည်အသွေးကျဆင်းလာပြီး စိုက်ပျိုးနည်းပညာဖွံ့ဖြိုးတဲ့ တရုတ်နိုင်ငံက ထွက်ရှိလာတဲ့ စိန်တလုံးကတော့ တရာသီပြီးတရာသီ အရည်အသွေး ပိုကောင်းလာတာဖြစ်ပါတယ်။ 

တရုတ်စိန်တလုံးထွက်ရှိမှုက မြန်မာအသီးဈေးကွက်ပေါ် သက်ရောက်မှု ဖြစ်လာစေတဲ့ အခြေအနေတွေကို ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ စီမံခန့်ခွဲခဲ့သူတယောက်ကသုံးသပ် ပြောပါတယ်။

“သူက ဘယ်လိုလဲဆိုတော့ ထွက်နေတာလည်းကြာပြီ။ သူ့ဘက်က အရည်အသွေးကလည်း တော် တော်လေးကောင်းလာပြီပေါ့နော်။ အရည်အသွေးကောင်းလာတယ်။ အထားအသိုခံတယ်။ ဒါငါတို့ပြည်တွင်း သရက်သီးတွေကျတော့ စိန်တလုံး၊ ရွှေဟင်္သာတွေကျတော့ နည်းနည်း တောင်သူတွေရဲ့ စီးပွားရေး အခြေနေအရ သွင်းအားစုတွေ မဖြည့်ဆည်းနိုင်ဘူး။ ဥပမာ အိတ်စွပ်တို့ ဈေးတို့၊ နောက်ပြီးတော့ အပင်ပြုစုတာ၊ ထွန်တာ၊ ထယ်တာ အစာထည့်တာတွေက ညံ့လာတော့ အထားသိုလည်းမခံဘူး။ အရသာလည်း နည်းနည်းပြောင်းလဲမှုရှိတယ်ပေါ့နော်။ အဲ့ဒါတွေကတော့ နဂိုက နည်းနည်းညံ့သွားတော့ သူတို့က ပိုကောင်းလာတယ်ဆိုတော့ ယှဥ်ပြိုင်မှုမှာ နည်းနည်းအားနည်းသွားတာပေါ့။ ဒါပေမဲ့ ဒီနှစ်က မြန်မာဘက်က စိန်တလုံး စစ်ကိုင်း၊ မန္တလေးဘက်က စိန်တလုံးတွေကတော့ မဆိုးပါဘူး။ သူ့အရသာကလည်း ပင်ကိုယ်အရသာနဲ့ အမျိုးအစားနဲ့ မျိုးရင်းနဲ့ဆိုတော့ ဒီတရုတ်ဘက်က သရက်သီးတွေ မထွက်ခင် ရောင်းလို့ကောင်းသေးတယ်။ ဒါပေမဲ့ အဓိက ဘာလဲဆိုတော့ ရှမ်းပြည်က ရပ်စောက်၊ ပင်းတယ အဲ့ဒီက စိန်တလုံးတွေကျတော့ နည်းနည်းအားနည်းသွားတယ်။ အားနည်းသွားတယ်ဆိုတာ ဒီအပိုင်းတွေပါပဲ။ သူတို့က ပြုစုမှုမှာ နည်းနည်းလိုသွားတယ်။ အဲ့ဒီ တရုတ်စိန်တလုံး ထွက်မှာကြောက်တော့ တရုတ်စိန်တလုံးမထွက်ခင်မှာ ကြိုပြီးခူးဆွတ်ကြတာ၊ အဲ့ဒီမှာ ကြိုပြီးခူးဆွတ်ကြတော့ ရင့်မှည့်မှုမှာ နည်းနည်း စောစောစီးစီး ဈေးကွက်မှာ ကျဆုံးသွားတဲ့ပုံစံ ဖြစ်သွားတာပေါ့။”

တရားဝင်ကုန်ပစ္စည်းပေါ်မှာ မတရားကောက်ခံကြတဲ့ တရားမဝင်ငွေကြေး

မြန်မာ့စိန်တလုံး သရက်တောင်သူတွေမှာ သွင်းအားစုစရိတ်တွေ ဈေးကြီးမြင့်သလို ဗူးလေးရာ ဖရုံဆင့်သလိုပဲ တရုတ်နိုင်ငံ ဈေးကွက်အရောက် သယ်ယူပို့ဆောင်ရေးစရိတ်တွေကလည်း ကုန်စည်တန်ဖိုးရဲ့ ထက်ဝက်လောက် ကျခံနေရတာဖြစ်ပါတယ်။ 

မန္တလေးက စိန်တလုံးတင်ပို့သူတောင်သူတဦးက တရုတ်နိုင်ငံ ဈေးကွက်အရောက်တင်ပို့ရာမှာ ခရီးစရိတ် ထောင်းပုံကို အခုလိုရှင်းပြပါတယ်။

“တောင်သူလုပ်သာကိုင်သာကတော့ ဈေးကွက်အခြေနေကတော့ မကောင်းဘူးပေါ့နော်။ တရုတ် သွားလို့ ရတယ်ဆိုတာလည်း နည်းနည်းပါးပါးပဲရတာ။ အခက်အခဲအများကြီးရှိတယ်။ တရုတ်ကိုသွားတဲ့ဟာက ၅၅ ကျပ်လောက်အရင်းရှိတယ်။ အရင်းဆိုတာ အသီးဖိုးမပါဘူးပေါ့နော်။ သယ်ယူပို့ဆောင်ရေးနဲ့ အရောက်ကို ၅၅ ကျပ်လောက်ကျတယ်။ ရတဲ့ဟာက ၁၀၀၊ ၁၂၀၊ ၁၃၀ လောက်ပဲ အမြင့်ဆုံးမှ အများကြီး မကျန်ဘူးပေါ့၊ နည်းနည်းပါးပါးပဲ အကိုက်လောက်ပဲရှိတာဆိုတော့ သိပ်အဆင်မပြေဘူး။ အဲ့တော့ မြန်မာဈေးကွက်ထဲပဲ ပြန်ရောင်းတာမှ နည်းနည်းအဆင်ပြေသေးတယ်။”

ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ်စကတွေမှာ စိန်တလုံးသရက်သီးက တရားဝင်တင်ပို့ခွင့်ရှိတဲ့ ကုန်ပစ္စည်း ဖြစ်ပေမဲ့ ကားဖိုး၊ ဆီဖိုးနဲ့ ယာဥ်မောင်းစရိတ်စကအပြင် လမ်းတလျှောက်မှာရှိတဲ့ အာဏာသိမ်း စစ်အာဏာရှင်အစိုးရရဲ့ စစ်ရေးအရ၊ ကုန်စည်အကောက်အခွန်အရ သတ်မှတ်ထားတဲ့ ဂိတ်အသီးသီးက တရားမဝင် ငွေကြေးအများအပြား တောင်းခံနေကြတာက သယ်ယူပို့ဆောင်ရေးစရိတ်စကမှာ အများဆုံးကုန် ကျနေတာဖြစ်ပါတယ်။ စစ်အာဏာရှင်အစိုးရဟာ သရက်ရာသီအစမှာ ပထမဆုံးလွှတ်တော် ခေါ်ယူခဲ့ပြီး တရားမဝင်ငွေကြေးတောင်းခံနေတာတွေကို သိရှိပေမဲ့လည်း ဂိတ်အသီးသီးကနေ ခွင့်ပြု ကုန်စည် ဖြစ်တဲ့ သရက်သီးတင်ပို့မှုမှာ တရားမဝင်ငွေကြေးတောင်းခံမှုတွေကို တားဆီးတာမရှိသလို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စားသုံးသူရေးရာဦးစီးဌာနလို ဌာနမျိုးတွေကလည်း ထောက်ပြ အရေးယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီလိုအခြေနေတွေကြောင့် သရက်တောင်သူတွေ ထိခိုက်ရတဲ့ အခြေနေကို နယ်စပ်ကတဆင့် တရုတ်နိုင်ငံကို သီးနှံတင်ပို့နေတဲ့ ဝါရင့်ကုန်သည်တဦးက အခုလိုသုံးသပ်ပါတယ်။

“အခုပြဿနာတခုက ဘာကြုံနေရလဲဆိုတော့ သယ်ယူပို့ဆောင်ရေးစနစ်မှာ ကျနော်တို့ဘက်မှာ အားနည်းတာက သယ်ယူပို့ဆောင်တဲ့ စရိတ်တွေက မတရားများသွားတယ်။ မတရားများသွားတော့ စိန်တလုံး၊ ရွှေဟင်္သာ၊ မြကျောက် နောက်ပြီးတော့ ရင်ကွဲ တခြားမျိုးကွဲတွေ အရင်တုန်းကဆိုရင်တော် တော်များများပို့နိုင်တယ်။ အမျိုး ၃၀၀ လောက်ရှိတဲ့ဟာက အမျိုး ၃၀ လောက်တော့ ပို့နိုင်တယ်။ သူ့ဈေးကွက်နဲ့သူ ဥပမာအားဖြင့် စိန်တလုံးဆိုရင် ပေါက်ဈေး ၁၅၀၊ ၂၀၀ ရှိတယ်ဆိုရင်တောင်မှ အနိမ့်ဆုံး မချစ်စုတို့၊ မြကျောက်ဘာညာ တခြားမျိုးကွဲတွေက ၆၀၊ ၇၀၊ ၃၀၊ ၄၀ ရတာတောင်မှပဲ ငွေကျန်သေးတယ်ပေါ့နော်။ ငွေကျန်သေးတယ်ဆိုတော့ သပိတ်ဝင်၊ အိတ်ဝင်၊ တင်ပို့တဲ့စရိတ်က များလွန်းတော့ စိန်တလုံး ရွှေဟင်္သာကလွဲလို့ တခြားမျိုးကွဲတွေ တင်လို့မရတော့ဘူး။ ရောင်းရတဲ့ဈေးနှုန်းက ဥပမာအားဖြင့် ထုတ်ပိုးမှုကုန်ကျစရိတ်၊ ထုတ်ပိုးမှုကုန်ကျစရိတ်၊ နောက်ပြီးတော့ တခြား အကောက်ခွန်တို့၊ တရုတ်ဘက်၊ မြန်မာဘက် အကောက်ခွန်စနစ်တွေနဲ့ ပေါင်းလိုက်ရင်ကို သူတို့က ၅၀ ‌လောက်ရှိနေတယ်။ ၅၀ လောက် ရှိနေတယ်ဆိုတော့ ဥပမာ ပြောမယ်၊ ၅၀ အောက်ရောင်းရတဲ့ဟာတွေကျတော့ အနုတ် ဖြစ်ကုန်ပြီ။ ရှုံးသွားမှာပေါ့၊ ဆုံးရှုံးမှုဖြစ်သွားမှာပေါ့။ ဒီသဘောပဲ။”

မူရင်းနိုင်ငံရဲ့ စိန်တလုံးသရက်သီးက အမြဲသာနိုင်မလား

ဒါ့ကြောင့် မြန်မာ့စိန်တလုံး စိုက်ပျိုးထုတ်လုပ်တင်ပို့မှုမှာ အဘက်ဘက်ကကျဆင်းနေပြီး တရုတ်နိုင်ငံ လုကျန်း ချိုင့်ဝှမ်းမှာ တရုတ်ဒေသမျိုးသရက်တွေနဲ့အတူ ဧက ၅၀၀ စိုက်ပျိုးထားတဲ့ မြန်မာစိန်တလုံးသရက်သီးတွေကတော့ တန်ချိန် ၅,၀၀၀ လောက်ထွက်ရှိလာပြီး အရသာလည်းပိုပြီး ကောင်းမွန်လာတယ်လို့ မြန်မာနယ်စပ်မှာ သီးနှံအရောင်းအဝယ်လုပ်နေသူတွေ က သုံးသပ်ကြပါတယ်။ မြန်မာသရက်တောင်သူအများစုဟာ အဘက်ဘက်ကလုပ်ငန်း ကျဆင်းနေပေမဲ့ ဒီရေမြေကအသီးဟာ ပိုကောင်းတယ်ဆိုတဲ့ သဘာဝ အားသာချက်တခုကိုပဲ ကျားကန်စိတ်တင်းထားကြပေမဲ့ ရေရှည်မှာတော့ ရေမြေအားသာချက်တခုတည်းနဲ့ မဖြစ်နိုင်ဘူးလို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရဲ့ တာဝန်ရှိသူတယောက်က ဆိုပါတယ်။

“ရေမြေ၊ သဘာဝရေမြေက ပေးထားတဲ့ လက်ဆောင်ပေါ့လေ။ ရေမြေကပေးထားတဲ့ အခွင့်အရေး ကတော့ အခုထိကို တပန်းသာပါသေးတယ်။ ရေမြေတခုတည်းနဲ့လည်း ရေရှည်မှာ အလုပ်မဖြစ်တော့ဘူးလေ။ ရေမြေကပေးထားတဲ့ အနံ့အရသာတွေကလည်း သွားရတဲ့ ခရီးလမ်းပေါ်မှာလည်း ကြည့်ရသေးတယ်။ အထားသိုခံနိုင်မှုလည်း လိုအပ်တယ်။ အဲ့ဒီတော့ ဘာလိုအပ်လဲဆိုရင် ရောဂါကင်းရှင်းမှု လတ်ဆတ်မှုလည်း လိုတယ်။ အဲ့ဒီပေါ်မှာကတော့ ရေမြေအရတခုတည်းနဲ့ ကြည့်ပြီးတော့ သူတို့နဲ့ဈေးကွက်အရ ယှဥ်ပြိုင်ဖို့ကတော့ နည်းနည်းခက်နေတယ်။ ကိုယ့်ရဲ့အားသာချက် နောက်တခုက ရောဂါကင်းအောင်၊ ပိုပြီး လတ်ဆတ်အောင်၊ ပိုပြီး မြန်မြန်ဆန်ဆန်ပို့နိုင်အောင် အပိုင်းလေးတွေနဲ့ဆိုရင်တော့ အရင်တုန်းကလို ဈေးကွက်မျိုးနဲ့ ပုံမှန်ပြန်ရမှာပါ။”

တရုတ်နိုင်ငံ လုကျန်းဒေသဟာ သရက်သီး အဓိကစိုက်ပျိုးတဲ့ဒေသဖြစ်သလို မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ်-ရွှေလီ လမ်းကြောင်းနဲ့ နီးစပ်တဲ့ ယူနန်ပြည်နယ်အတွင်း တည်ရှိနေတဲ့အပြင် ထွက်ရှိလာတဲ့ သရက်သီးတွေကို ပေကျင်း၊ ရှန်ဟိုင်းနဲ့ ကွမ်ကျိုးလို စီးပွားရေး အချက်အချာကျတဲ့ဒေသတွေကို တင်ပို့နေတာဖြစ်ပါတယ်။ ဒါ့အပြင် မရိတ်သိမ်းမီ စိုက်ခင်းစီမံခန့်ခွဲမှုမှာလည်း အဆင်မြင့် နည်းပညာတွေကို အသုံးပြုနိုင်သလို ရိတ်သိမ်းချိန်နောက်ပိုင်းမှာလည်း အလိုအလျောက် အသီးရွေးစက် စတဲ့စက်ကရိယာတွေကို အသုံးပြုနိုင်တာဖြစ်ပါတယ်။ လာမဲ့ ဇူလိုင်လမှာလည်း အဲ့ဒီဒေသက သရက်စိုက်ပျိုးထုတ်လုပ်မှု ကျွမ်းကျင်နည်းပညာရှင်တွေက မြန်မာသရက်တောင်သူတွေကို မန္တလေးမြို့မှာ သင်တန်းလာရောက်ပေးဖို့ ရှိနေတယ်လို့ သရက်အသင်းက ထုတ်ပြန်ထားပါတယ်။

ခုတ်ပစ်ရတော့မယ့် မြန်မာ့စိန်တလုံးသရက်ပင်များ

မြန်မာ့စိန်တလုံးသရက်ဟာ တရုတ်နိုင်ငံအပြင်၊ စင်ကာပူကိုလည်းတင်ပို့ခဲ့ပြီး အလုံးလိုက် Fresh ဈေးကွက်ကို တင်ပို့ခဲ့တဲ့အပြင် အခွံနဲ့အစေ့ကိုဖယ်ပြီး သရက်သီးအနှစ်ကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။ မြန်မာ့သရက်စိုက်ပျိုးထုတ်လုပ်မှုက ဧက ၃ သိန်းနီးပါးရှိပြီး အရည်အသွေးကောင်းမွန်တဲ့ စိန်တလုံးကို စီးပွားဖြစ် အများအပြား စိုက်ပျိုးကြတာဖြစ်ပါတယ်။ အဲ့ဒီသရက်မျိုးကို သရက်တောင်သူအများအပြားက စိုက်ပျိုးနေကြပေမဲ့ မြန်မာ့စိန်တလုံးကို တရုတ်နိုင်ငံက တရားမဝင် တင်သွင်းပြီး စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ရောင်းချလာတဲ့အပေါ် ၂၀၂၆ သရက်ရာသီအတွင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အာဏာသိမ်းစစ်အာဏာရှင်အစိုးရကလည်း တရုတ်အစိုးရနဲ့ တစုံတရာ ဆွေးနွေးပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် သွင်းအားစု ဈေးမြင့်တဲ့ဒဏ်၊ အလုပ်သမားစရိတ်ကအစ လူသုံးကုန်၊ စားကုန် ကုန်ဈေးနှုန်းတွေအစစ အရာရာ ဈေးနှုန်းမြင့်လာတဲ့အချိန်မှာ သရက်တောင်သူတွေကို အကာကွယ်ပေးကူညီပေးနိုင်တာလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် စိန်တလုံးသရက်သီးကို ဝင်ငွေရ သီးနှံအဖြစ် အမှီပြုနေရတဲ့ ဥယျာဥ်ခြံ စိုက်ပျိုးသူတောင်သူတွေဟာ မိသားစုဝမ်းရေးကိုပင် မှီခိုဖို့ တနှစ်ထက်တနှစ် ခက်ခဲလာတဲ့အတွက် တခြားသီးနှံပြောင်းစိုက်ဖို့အတွက် စိန်တလုံး သရက်ပင်တွေကို ခုတ်ပစ်ရတဲ့အနေထားထိ ဖြစ်လာဖို့က မယုံနိုင် လောက်အောင် ဖြစ်လာခဲ့ပါတယ်။

“သရက်ကို ဘယ်လိုပြောမတုန်းဆိုရင် သွင်းအားစုပေါ့၊ ၁၀၅ မိုင်ဈေးကွက်အနေထားမှာ သရက် သီးဈေးကွက်ငြိမ်ရင်တော့ သရက်တောင်သူကတော့ သူ့ဟာလေးနဲ့သူ အသီးကို စံချိန်အရည်အသွေးမီအောင် လုပ်နိုင်တာပေါ့။ အခုကတော့ လျှော့ကြတော့မှာပေါ့၊ လုံးဝကို မဖျက်သေးတဲ့ အခင်းဆိုရင်လည်း သွင်းအားစု ပြုစုအားနည်းသွားတော့မှာပေါ့၊ ရလာတဲ့ သရက်ကိုပဲ ကြည့်ရောင်းတော့မယ် ဖြစ်သွားတာပေါ့။ ဒီတိုင်းဆိုရင်လေ၊ မြေများတဲ့သူကတော့ ဖျက်မှာမဟုတ်ဘူး။ မြေမများတဲ့သူကတော့ ဒီသရက်က နှစ်မနည်းတော့ဘူးလေ။ နှစ်မနည်းတော့ဘူးဆိုတော့ ဈေးကွက်က ငြိမ်နေတော့ မြေလေးကို အားပြုရမယ့်သူကတော့ လှဲပြီးတော့ ဒီပြင်သီးနှံပြောင်းစိုက်ပေါ့။”

စိန်တလုံးသရက်သီးဟာ ပြည်တွင်းပြည်ပဈေးကွက်ကြိုက်နှစ်သက်တဲ့ သရက်မျိုးဖြစ်ပြီး နှစ်ရာချီ သက်တမ်းရှိပေမဲ့လည်း အပင်မျိုးကာကွယ်ရမယ့်လုပ်ငန်းတွေကို မလုပ်ဆောင်နိုင်ခဲ့သလို ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်သူတွေကိုလည်း ရာသီမပြတ် စနစ်တကျ စိုက်ပျိုးနိုင်အောင် အာဏာသိမ်း စစ်အာဏာရှင်အစိုးရက ဆောင်ရွက်မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့ရေမြေကနေ သဘာဝအတိုင်း ဖြစ်ထွန်းလာတဲ့ မျိုးကောင်း ရိုးကောင်းသရက်မျိုးဖြစ်တဲ့ စိန်တလုံးသရက်မျိုးဟာ ဝင်ငွေရသီးနှံအဖြစ် မှီခိုနိုင်တဲ့အဆင့်ကနေ ၂၀၂၆ သရက်ရာသီကစလို့ ဈေးကွက်၊ ဈေးနှုန်း ဆိုးဆိုးရွားရွား ကျဆင်းလာပြီး အပင်တွေ ခုတ်လှဲပြီး အစားထိုး သီးနှံ ပြောင်းလဲစိုက်ပျိုးရတော့မယ့်အထိ မယုံနိုင်စရာကောင်းလောက်အောင် ပျက်စီးဆုံးရှုံးလာတာဖြစ် ပါတယ်။

အောင်ဒင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013