
စက်တင်ဘာ ၂၄ ရက်လုပ်မဲ့ ဒေါ်နယ်ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ဖို့ကို အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ မေလ ဆွေးနွေးပွဲအပြီးမှာ သူတို့ကြား မယုံကြည်မှုတွေ များနေခဲ့တာပါ။ အခုတခေါက်မှာတော့ ဝါရှင်တန်နဲ့ ဘေဂျင်းတို့ဟာလက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်လို့ရမဲ့ ကဏ္ဍငယ်လေးတွေကို ရှာဖွေနေကြပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြားမှာ အခွန်ကိစ္စ၊ ထိုင်ဝမ်အရေး၊ အီရန်နဲ့ AI နည်းပညာစတဲ့ အရေးတကြီး ဖြေရှင်းရမဲ့ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် မြန်မာ့အရေးက ဆွေးနွေးပွဲရဲ့ ထိပ်ဆုံးဦးစားပေးစာရင်းမှာ ပါဖို့ဆိုတာ အတော်လေးဝေးပါတယ်။
ဒါပေမဲ့ ထရမ့်ပ်အနေနဲ့ အချိန် ၃ မိနစ်လောက် ပေးနိုင်မယ်ဆိုရင်တော့၊ မြန်မာ့အရေးဟာ နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်လို့ရမဲ့ အခွင့်အရေးကောင်း တခုဖြစ်လာနိုင်ပါတယ်။ ဝါရှင်တန်အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဓိက စိတ်ဝင်စားတာက ဒေသတွင်း လုံခြုံရေးပါ။ အထူးသဖြင့် မြန်မာနဲ့ အရှေ့တောင်အာရှမှာ အလျင်အမြန် ကြီးထွားလာနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကွန်ရက်တွေကို နှိမ်နင်းချင်တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ရဲ့ အကျိုးစီးပွား တိုက်ဆိုင်မှု
ပြီးခဲ့တဲ့ ဧပြီလမှာ အမေရိကန် တရားရေးဌာနရဲ့ ငွေလိမ်ဂိုဏ်း နှိမ်နင်းရေးအဖွဲ့က တရုတ်နိုင်ငံသား ၂ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက ခရစ်ပတိုငွေကြေး ငွေလိမ်ဂိုဏ်းတွေကို စီမံခန့်ခွဲနေတယ်လို့ စွပ်စွဲခံရတာပါ။ အဲဒီအချိန်မှာ ဒေါ်လာ သန်း ၇၀၀ ကျော်တန်ဖိုးရှိတဲ့ ခရစ်ပတိုငွေတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ဘဏ္ဍာရေးဌာနကလည်း စစ်တပ်အရာရှိကြီးတွေနဲ့ ရင်းနှီးပြီး ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ မြန်မာလက်နက်ကိုင် အဖွဲ့အစည်းတချို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ USCC ရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှက ငွေလိမ်ဂိုဏ်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ ဒေါ်လာ ၁၀ ဘီလီယံလောက် အနည်းဆုံး ဆုံးရှုံးခဲ့ရပါတယ်။
ဒါဟာ အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားတွေ ရှားရှားပါးပါး တိုက်ဆိုင်သွားတာပါ။ တရုတ်နိုင်ငံသားတွေလည်း ငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်နေကြပါတယ်။ မြန်မာနယ်စပ်က မတည်ငြိမ်မှုတွေဟာ တရုတ်ရဲ့ လုံခြုံရေး၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး အကျိုးအမြတ်တွေကို ခြိမ်းခြောက်နေပါတယ်။ အရှေ့တောင်အာရှတလွှားမှာ ကြီးထွားနေတဲ့ ငွေလိမ်ဂိုဏ်း လုပ်ငန်းတွေမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေက အဓိကနေရာက ပါဝင်နေတဲ့အတွက် အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အရေးပါနေပါတယ်။
ဒါကြောင့် ထရမ့်ပ်အနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ရှီနဲ့ ငြင်းခုံနေစရာ မလိုပါဘူး။ ၃ မိနစ်အတွင်း အချက် ၃ ချက်ကိုပဲ ရိုးရိုးရှင်းရှင်း အဆိုပြုလိုက်ရုံပါပဲ။
၃ မိနစ်အတွင်း အချက် ၃ ချက်
ပထမအချက်အနေနဲ့၊ အမေရိကန်ဟာ မြန်မာနိုင်ငံကို သူတို့ရဲ့ လက်ဝေခံနိုင်ငံအဖြစ် ပြောင်းလဲဖို့ ဒါမှမဟုတ် အမေရိကန်လို နိုင်ငံရေးစနစ်မျိုး သွတ်သွင်းဖို့ ဆန္ဒမရှိဘူးဆိုတာ ရှီယုံကြည်အောင် ပြောဖို့ပါ။ ဝါရှင်တန်ရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့၊ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ လူသားချင်းစာနာမှု ပြဿနာတွေကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေလုပ်ဖို့ မြန်မာနိုင်ငံကို အမေရိကန်က မဟာဗျူဟာကျကျ ဩဇာလွှမ်းမိုးထားဖို့ မလိုပါဘူး။
ဒုတိယအချက်အနေနဲ့၊ မြန်မာ့တော်လှန်ရေး အင်အားစုတွေကို တရုတ်ကို ဆန့်ကျင်မဲ့ လက်နက်တခုအနေနဲ့ အမေရိကန်က အသုံးချမှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဖို့ပါ။ ဝါရှင်တန်အနေနဲ့ လက်ရှိလုပ်နေတဲ့ လူသားချင်းစာနာမှု၊ သံတမန်ရေးနဲ့ တရားဥပဒေစိုးမိုးရေး မူဝါဒတွေကို ဆက်လုပ်သွားမှာပါ။ ဒါကို မြန်မာနိုင်ငံက ဘယ်အဖွဲ့အစည်းရဲ့ မူဝါဒကိုမဆို ထောက်ခံပေးနေတာလို့ အထင်အမြင် မလွဲသင့်ပါဘူး။ မြန်မာ့တော်လှန်ရေး အင်အားစုဆိုတာ အဖွဲ့အစည်းတခုတည်း မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ (EROs) နဲ့ ဒေသခံအဖွဲ့အစည်းပေါင်းစုံ ပါဝင်ပါတယ်။
ဒီနေရာမှာ ဘေဂျင်းကို ဒီအဖွဲ့အစည်းတွေအားလုံးကို အသိအမှတ်ပြု ထောက်ခံခိုင်းဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ မြန်မာ့တော်လှန်ရေး အင်အားစုတွေကို လက်နက်တပ်ဆင်ပေးပြီး တရုတ်ကို တိုက်ခိုက်မဲ့လက်နက်အဖြစ် အမေရိကန်က အသုံးချမှာ မဟုတ်ဘူးဆိုတာကို ရှင်းပြဖို့သာ ဖြစ်ပါတယ်။ ဒီလို ရှင်းပြခြင်းအားဖြင့် တရုတ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားစေနိုင်ပါတယ်။
တတိယနဲ့ အရေးအကြီးဆုံး အချက်ကတော့၊ မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေပေးဖို့ ထရမ့်ပ်က ရှီ ကို တောင်းဆိုဖို့ပါ။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက တရုတ်ရဲ့ မူဝါဒက ပြောင်းလဲလာပါတယ်။ အစပိုင်းမှာ တရုတ်က ဘယ်ဘက်ကိုမှ မပါဘဲ မျှတအောင် နေခဲ့ပါတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ မြန်မာစစ်တပ် မပြိုကွဲအောင်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှေ့ဆက်မတိုးနိုင်အောင် တရုတ်ကဝင်ထိန်းလာပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခိုင်းတယ်၊ တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးတယ်၊ နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ပင်တယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ပိုတိုးမြှင့်ပြီး စစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲကိုလည်း ထောက်ခံပေးလာပါတယ်။
အမေရိကန် စိုးရိမ်နေတဲ့ အဓိကအချက်က တရုတ်ဟာ မြန်မာနိုင်ငံအပေါ်မှာ ဩဇာလွှမ်းမိုးထားနိုင်တယ် ဆိုတဲ့အချက် မဟုတ်ပါဘူး။ အဲဒီ ဩဇာလွှမ်းမိုးမှုကို အသုံးချပြီး မြန်မာ့အရေးကို ဘယ်လိုတွေ ဝင်ရောက်ခြယ်လှယ်နေသလဲ ဆိုတာကိုပဲ အမေရိကန်က ပူပန်နေတာ ဖြစ်ပါတယ်။ ဘေဂျင်းအတွက် ကြားနေတယ်ဆိုတာ သူတို့ရဲ့ အကျိုးစီးပွားတွေကို စွန့်လွှတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံသားတွေ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ စီမံကိန်းတွေကို ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူ အားလုံးနဲ့ ဆက်ဆံရေး ဆက်လက်ထားရှိနိုင်ပါတယ်။ ဆိုလိုတာက မြန်မာ့အနာဂတ်ကို တရုတ်က ကြိုတင်ပုံဖော် ဖန်တီးပေးတာမျိုး မလုပ်ဘဲ၊ မြန်မာပြည်သူတွေ ကိုယ်တိုင် ရွေးချယ်ခွင့်ရအောင် နေရာဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကြား မြန်မာနိုင်ငံ ရောက်သွားရင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုပြီးတောင် အန္တရာယ် များလာနိုင်ပါတယ်။
လွယ်လွယ်ကူကူ ရယူနိုင်မဲ့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်
ထရမ့်ပ်အနေနဲ့ ရှီ ကို ဒီလို ရိုးရိုးလေးပဲ ပြောလိုက်လို့ ရပါတယ်။ "အမေရိကန်ဟာ မြန်မာကို လက်ဝေခံနိုင်ငံလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျနော်တို့က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ဒေသတွင်း လုံခြုံရေးကိုပဲ စိုးရိမ်တာပါ။ အမေရိကန်ရဲ့ အကျိုးအတွက် တရုတ်ရဲ့ အကျိုးစီးပွားတွေကို စွန့်လွှတ်ဖို့ မတောင်းဆိုပါဘူး။ မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်က ဘယ်ဘက်မှ မပါဖို့ပဲ တောင်းဆိုချင်တာပါ။"
ဒါဟာ ရှုပ်ထွေးလှတဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ သေးငယ်တဲ့ တောင်းဆိုချက်လေး တခုပါ။ ဒီအတွက်ကြောင့်တရုတ်အနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်စရာ မလိုပါဘူး။ အလားတူပဲ၊ အမေရိကန် အနေနဲ့လည်း (စစ်တပ်ကို ဆန့်ကျင်နေတဲ့) တော်လှန်ရေး အဖွဲ့အစည်းတွေကို မဖြစ်မနေ ထောက်ပံ့ပေးပါမယ်လို့ ကတိပေးစရာ မလိုတော့ပါဘူး။ အင်အားကြီး နိုင်ငံနှစ်ခုစလုံးက မြန်မာနိုင်ငံကို သူတို့ရဲ့ အားပြိုင်ရာ စစ်တလင်းအဖြစ် မသုံးဖို့ပဲ ဖြစ်ပါတယ်။
ဝါရှင်တန်အတွက်ဆိုရင် ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့အခါ တရုတ်နဲ့ ထိပ်တိုက်တွေ့စရာ မလိုတော့ပါဘူး။ ဘေဂျင်းအတွက်လည်း ရှုပ်ထွေးနေတဲ့ ပဋိပက္ခထဲမှာ ပိုပြီး နစ်မွန်းသွားမဲ့ အန္တရာယ်ကနေ လွတ်ကင်းသွားမှာပါ။ တကယ့် အကျိုးအမြတ်ရမှာကတော့ ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေကြား ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေပါပဲ။
အမေရိကန်နဲ့ တရုတ်ဟာ မြန်မာ့အနာဂတ်အတွက် သဘောတူနိုင်မလား ဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ အရေးကြီးတာက သူတို့ နှစ်နိုင်ငံရဲ့ အားပြိုင်မှုကြောင့် မြန်မာ့အရေး ပိုမရှုပ်ထွေးသွားအောင် သဘောတူနိုင်မလား ဆိုတာပါပဲ။ မြန်မာ့အရေးက ဆွေးနွေးပွဲမှာ အရေးမပါတဲ့ အရာလေး ဖြစ်နိုင်ပေမဲ့၊ ထရမ့်ပ် အနေနဲ့ ၃ မိနစ်လောက် အချိန်ပေးလိုက်ရုံနဲ့ အများကြီး ထူးခြားသွားနိုင်ပါတယ်။
နီကိုးလပ်စ်ကောင်း
(သူ့အတွေး သူ့အမြင် – Op-Ed)
Ref: Eurasia Review










