
၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲကို ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့က ဖိလစ်ပိုင်သံရုံး၊ ထိုင်းသံရုံးနဲ့ မြန်မာစစ်သံရုံးတွေအရှေ့မှာ ဒေသစံတော်ချိန် ဩဂုတ် ၇ ရက်နေ့က မြန်မာ့အရေးဆောင်ရွက်သူတွေက ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို CRPH/NUG Support Group (Australia) က ဦးဆောင်ပြီး စစ်ခေါင်းဆောင်အား ထိတွေ့ဆက်ဆံတဲ့ ထိုင်းအစိုးရကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ဩစတြေးလျနိုင်ငံ၊ ပြည်နယ် ၄ ခုရောက် မြန်မာနွယ်ဖွား ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီး ဩစတြေးလျနိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဖော်ဆောင်ခဲ့တာပါ။
ဆန္ဒပြပွဲမှာ CRPH/NUG Support Group (Australia) တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးစောလွင်ဦး၊ အဖွဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့ ကိုပက်ထရစ်ချို၊ ကိုဂျိမ်းစ်သက်၊ ၈၈ မျိုးဆက် ကိုနိုင်အောင်၊ ကိုမင်းသက်နိုင်၊ လူငယ်ကိုယ်စားပြု မရှင်ဖုန်း တို့က လူထုလှုံ့ဆော်ရေး မိန့်ခွန်းတွေပြောဆိုပြီး မြန်မာ့အရေး ပြည်သူ့ဘက်ကရပ်တည်ဖို့ တိုက်တွန်းချက်တွေပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို သံရုံးတွေဆီ ပေးပို့ခဲ့ပါတယ်။
CRPH/NUG Support Group (Australia) ကိုယ်စားလှယ် ကိုပက်ထရစ်ချိုက “၈၈ မျိုးဆက်တွေအနေနဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရမယ်လို့ခံယူထားပြီး စစ်အာရှင်စနစ် လုံးဝချုပ်ငြိမ်းတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့လည်း ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံးနဲ့ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရပါမယ်။ ထိုင်းနိုင်ငံရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အချက်အမှတ် ၃ ကို ဖောက်ဖျက်တာဖြစ်ပြီး အာဆီယံလမ်းကြောင်းကနေ သွေဖည်နေပါတယ်။ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိတဲ့အတွက် ထိုင်းအစိုးရအနေနဲ့ အာဆီယံရဲ့ မူဝါဒအတိုင်း လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။
ဆန္ဒပြသူတွေရဲ့ တိုက်တွန်းချက်တွေဖော်ပြထားတဲ့ အိတ်ဖွင့်ပေးစာကို ဖိလစ်ပိုင်သံရုံး First Secretary က လက်ခံရယူခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက အာဆီယံဘုံသဘောတူညီချက်ကို လေးစားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆန္ဒပြသူတွေရဲ့ ဖိအားပေးတောင်းဆိုမှုကို အသိအမှတ်ပြုကြောင်း တုံ့ပြန်ခဲ့ပါတယ်။
CRPH/NUG Support Group (Australia) က ဩစတြေးလျ ပါလီမန်အမတ် ၇၆ ယောက်ဆီကိုလည်း မြန်မာ့အရေးတိုက်တွန်းချက် အိတ်ဖွင့်ပေးစာကို ပေးပို့ထားပြီး မြန်မာ့အရေးမှာ ပြည်သူတွေဘက်က ရပ်တည်ဖို့ မေတ္တာရပ်ခံထားပါတယ်။










