
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ဒဏ်ကြောင့် ရုတ်တရက် ရေကြီးရေလျှံခဲ့တဲ့အတွက် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သြဂုတ် ၁၀ ရက်က စတင်ပြီး ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် ငါန်းဇွန်မြို့နယ်ထဲက အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်တွေ အပါအဝင် ရပ်ကွက် ၇ ခုထက်မနည်း ရေကြီးရေလျှံနေတာ ဖြစ်ပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ဧရာဝတီမြစ်ရေ တရိပ်ရိပ်တက်နေတယ်။ မိုးက ရက်ဆက်ရွာနေတော့ ရေတွေက ထိုးတက်လာတာ။ အိမ်တွေထဲ ရေတွေဝင်လာပြီး ဆက်နေလို့မရတဲ့ အခြေအနေရှိတဲ့ ဒေသတွေက ပြည်သူတွေကို ပြောင်းရွှေ့ပေးနေတယ်” လို့ ပြောပါတယ်။
လတ်တလော အဓိက ရေဝင်နစ်မြုပ်နေတဲ့ ရပ်ကွက် ၄ ခုက ဒေသခံ အယောက် ၁,၀၀၀ ကျော်ကို ဒေသ မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အရေးပေါ် ရွှေ့သင့် ပြောင်းသင့်တဲ့ ဒေသက ပြည်သူတွေကို ရွှေ့ပြောင်းပေးထားပါတယ်။ မြေပြင်အခြေအနေကိုလည်း စောင့်ကြည့်ကူညီ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ရေဘေးဒုက္ခသည်တွေကို ငါန်းဇွန်မြို့ရှိ ရွှေကျောင်းမြောက် ဘုန်းတော်ကြီးကျောင်း၊ ကျောင်းသစ်အနောက်ဘုန်းတော်ကြီးကျောင်း၊ အင်းဝဘုန်းတော်ကြီးကျောင်းနဲ့ ရေဘေးလွတ်တဲ့ နီးစပ်ရာ မိသားစုတွေ၊ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေဆီကို ပြောင်းရွှေ့ပေးထားပါတယ်။
ဝမ်းတွင်းမြို့နယ်မှာလည်း ရေကြီးရေလျှံနေတာကြောင့် ဒေသခံတွေဟာ သြဂုတ် ၁၂ ရက်က စတင်ပြီး အရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။
သြဂုတ် ၁၃ ရက်ကနေ ၁၆ ရက်အထိ လတ်တလော ရေကြီးရေလျှံဖြစ်နေတဲ့ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းပါတယ်။











