
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က MRT ရထားလမ်းပေါ်မှာ စက်တင်ဘာ ၂၀ ရက် ဒီနေ့ မွန်းလွဲပိုင်းက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်လို့ မီးလောင်ပြီး ညနေပိုင်းအထိ ရထားပြေးဆွဲတာ ရပ်တန့်နေပါတယ်။
မွန်းလွဲ ၁၂ နာရီခွဲလောက်က ဘန်ဆူးခရိုင်၊ ပရာချာရတ် လမ်းခွဲ ၂၊ Chewathai ကွန်ဒိုရှေ့၊ တောင်ပွန်းဘူတာနဲ့ ဘန်အိုဘူတာကြားမှာ မီးလောင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဝါယာရှော့ခ်ကနေ မီးလောင်ခဲ့လို့ ရထားပြေးဆွဲတာ အားလုံးကို ရပ်ဆိုင်းတယ်လို့ Bangkok Expressway and Metro Public Company Limited (BEM) က ကြေညာပြီး မီးကိုတော့ ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ မီးပွားတွေ အောက်ကိုကျလို့ ရပ်ထားတဲ့ ဆိုင်ကယ်တစီး နည်းနည်း ပျက်စီးခဲ့ပြီး ကနဦးစုံစမ်းချက်အရ လျှပ်စစ်ထိန်းချုပ်ပုံး အပူလွန်ကဲတာကနေ စတာလို့ ဆိုပါတယ်။
ထိုင်းစံတော်ချိန် ၃ နာရီထုတ်ပြန်ချက်အရ တာဖရားဘူတာကို ဦးတည်တဲ့ တောင်ပွန်းနဲ့ ဘန်အိုဘူတာကြား MRT အပြာလိုင်းမှာဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတုန်းဖြစ်ပြီး စောင့်ဆိုင်းဖို့၊ ဒါမှမဟုတ် တခြား သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေကို သုံးဖို့ BEM က တိုက်တွန်းထားပါတယ်။











