အမေရိကန်နဲ့ အီရန်တို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး ဟော်မုဇ်ရေလက်ကြား အဖွင့် အပိတ်နဲ့ ပတ်သက်ပြီးလည်း အပြိုင်ကြေညာထားပါတယ်။
ဇူလိုင် ၁၂ ရက်မှာတော့ ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။
ကမ္ဘာ့ရေနံလမ်းကြောင်းအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်လိုက်ပြီလို့ အီရန်ဘက်က ကြေညာခဲ့ပေမဲ့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့ ရေလက်ကြား ပွင့်နေတုန်းပဲလို့ တုံ့ပြန်ပါတယ်။
အီရန်က ကုန်တင်သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်က အီရန် စစ်ရေးပစ်မှတ် ၁၄၀ ကျော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက်မှာတော့ အီရန်က အမေရိကန် မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျော်ဒန်၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်နဲ့ ဘာရိန်း နိုင်ငံတွေဆီကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အိုမန်ကမ်းလွန်မှာ သင်္ဘောတိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယ သင်္ဘောသားတယောက် ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။
အီရန်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို လျှော့ချဖို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဇူလိုင် ၁၃ ရက်မှာ ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။
ဒီပဋိပက္ခကြောင့် ကာတာနိုင်ငံမှာ ကလေးငယ်တယောက် အပါအဝင် ၃ ယောက် ဒဏ်ရာရခဲ့သလို နိုဝင်ဘာလ အမေရိကန်သမ္မတ သက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အခုတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့လက သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီလို့ ပြောထားပါတယ်။
အီရန် ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူး မိုဟာမက်ဂါလီဘက်ဖ်ကလည်း တဖက်သတ် သဘောတူညီချက်တွေ ပြီးဆုံးသွားပြီလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။










