DVB Logo
Home
Lead Story
လားရှိုးတွင် လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် ရောင်းစားနေ
DVB
·
March 22, 2026
လားရှိုးမြို့တွင်း တနေရာ။ (Photo: DVB)
လားရှိုးမြို့တွင်း တနေရာ။ (Photo: DVB)
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်တပ်နဲ့ လက်အောက်ခံတွေက လူငယ်၊ လူရွယ်တွေကို ညပိုင်းမှာရော နေ့ခင်းမှာပါ လိုက်လံဖမ်းဆီးပြီး စစ်မှုထမ်းဖို့လူပေးရမဲ့ ရပ်ကွက်တွေအတွက် ရောင်းစားနေတယ်လို့ သိရပါတယ်။

လားရှိုးမြို့ခံတယောက်က “အခုလားရှိုးမှာ စစ်မှုထမ်းကိစ္စက လူကုန်ကူးပုံစံမျိုး တိတ်တခိုး ဖြစ်နေပြီ။ လားရှိုးကို ပန်းရန်၊ ဆေးသုတ် လာလုပ်ကြတဲ့ မြေပြန့်ဗမာကလေးတွေကို စစ်တပ်က မသိမသာနဲ့ ဆွဲထားတာတွေ များနေပြီ။ ကလေးတွေကို နေ့ခင်း နေ့လယ်တွေလည်း ဖမ်းတယ်။ ပြီးတော့ စစ်မှုထမ်းလိုနေတဲ့ ရပ်ကွက်တွေကို စစ်တပ်က ပြန်ရောင်းစားတယ်။ ရပ်ကွက်တွေကလည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက တအိမ်ကို ဘယ်လောက်ဆိုပြီး ကောက်ထားတဲ့ ပိုက်ဆံတွေနဲ့ လူဝယ်ထည့်ရတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ အုပ်ချုပ်ခွင့် ပြန်ရထားတဲ့ လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ခုကနေ ရပ်ကွက်တခုစီက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကနေ ၂ ယောက်အထိ လတိုင်း ကောက်ယူနေတာ အခုဆိုရင် ၃ လ ရှိပြီ ဖြစ်ပါတယ်။

မြို့ခံတယောက်က “ရပ်ကွက်ကြီးရင် ၂ ယောက်၊ သေးရင် ၁၊ ယောက်၊ လစဉ် တပ်သားသစ် ပေးရတယ်။ တပ်သားသစ် မပေးနိုင်တဲ့ ရပ်ကွက်တွေကျတော့ စစ်မှုထမ်းကြေး ကောက်ထားတဲ့ ပိုက်ဆံနဲ့ လူအစားထိုး ဝယ်ထည့်ရတယ်။ အိမ်ငှားနေတဲ့သူတွေ ဆင်းရဲတဲ့သူတွေဆိုရင် ၂,၀၀၀ ကောက်တယ်။ ကျန်တာကတော့ ၂ သောင်းကနေ ၅ သောင်းထိ ကောက်တယ်။ မကောက်တဲ့ ရပ်ကွက်လည်း မကောက်ဘူး။ တရပ်ကွက်နဲ့ တရပ်ကွက် မတူဘူး” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာချုပ် တည်ရှိရာ လားရှိုးမြို့ကို MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။

၂၀၂၅ ခုနှစ် ဧပြီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ MNDAA ကိုးကန့်တပ်ဟာ လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီဆီကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ အသီးသီးနဲ့ အုပ်ချုပ်ယန္တရားတွေ ပြန်လည်တည်ဆောက်ခဲ့သလို ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး လူငယ် လူရွယ်တွေကို ဖမ်းဆီးနေတာပါ။

မြို့ခံတယောက်က “စစ်တပ်က ဖမ်းထားတဲ့လူငယ်တွေကို သံချပ်ကာ တင့်ကားတပ်မှာ ထားထားတာ ရှိတယ်။  ၄၁ တပ်မှာ ထားထားတာ ရှိတယ်။ ရဲစခန်းမှာ ထားထားတာရှိတယ်။ ရှမ်းကလေး၊ ဝ ကလေး၊ ဗမာကလေး လူမျိုးစုံပဲ ဖမ်းထားတာတွေ့ရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထိ နိုင်ငံတဝန်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းခံရသူပေါင်း ၃၁,၀၈၆ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013