
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ လူငယ်တွေရဲ့ အနာဂတ်အတွက် ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး လူငယ်တွေ့ဆုံပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၈ ရက်မှာ ဝက်လက်မြို့နယ်အတွင်း ရှေ့ဆက်အကောင်အထည်ဖော်ရမဲ့ လုပ်ငန်းစဥ်တခု ပေါ်ထွက်လာရေး၊ လူငယ်တွေ တော်လှန်ရေးမှာ ပိုမိုပါဝင်လာဖို့နဲ့ ဦးဆောင်နိုင်မဲ့ အခန်းကဏ္ဍတွေ ပေါ်ထွက်လာရေး၊ လူငယ်တွေနဲ့ အချိတ်အဆက် ပိုမိုအားကောင်းလာရေးတို့အတွက် လူငယ် တွေ့ဆုံပွဲ ပြုလုပ်တာလို့ သိရပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့တာဝန်ခံက “လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေကို ဘယ်လိုမျိုး လက်တွေ့ကျကျ အကောင်အထည် ဖော်လို့ ရမလဲ ဆိုတာရယ်၊ အကောင်အထည်ဖော်တဲ့အခါ လူငယ်တွေကိုယ်တိုင် ဦးစီးဦးဆောင်ပြီး တော်လှန်ရေးအတွက်လည်း အထောက်အကူပြုမဲ့ အလုပ်အကိုင်တွေနဲ့ ဆက်နွှယ်ပြီး လူငယ်တွေ အခန်းကဏ္ဍ ပြန်ဦးမော့လာစေဖို့ လုပ်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
တွေ့ဆုံပွဲမှာ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး စစ်အာဏာရှင်အပေါ် လူငယ်တွေရဲ့ အမြင်၊ တော်လှန်ရေးအပေါ် လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ အခက်အခဲနဲ့ စိန်ခေါ်ချက်တွေကို အုပ်စုဖွဲ့ ဆွေးနွေးခဲ့ပြီး ရှေ့ဆက်လုပ်ငန်းစဥ်တွေ အဆင်ပြေအောင် ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။
တွေ့ဆုံပွဲမှာ ဝက်လက်မြို့နယ် တိုက်နယ် ၃ တိုက်နယ်၊ ကျေးရွာ ၃၂ ရွာက CDM တွေ၊ ကျောင်းတာဝန်ခံတွေ၊ နယ်ပယ်အသီးသီးက စေတနာ့ဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ အထက်တန်းကျောင်းသူကျောင်းသားတွေအပါအဝင် ကိုယ်စားလှယ်ပေါင်း ၁၀၂ ယောက်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။











