DVB Logo
Home
မြန်မာသတင်း
ပညာရေးဝန်ထမ်းများအတွက် လစာနှုန်းထားသစ် AA ပြောင်းလဲ
ကေခိုင်
·
September 1, 2026
Photo: DVB
Photo: DVB
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ပညာရေးဝန်ထမ်းတွေအတွက် လစာနှုန်းထားသစ်ကို တပြေးညီ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။  

AA ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသက ပညာရေးဝန်ထမ်းတွေဟာ လက်ရှိအချိန်ထိ အစိုးရရဲ့ လစာပေးချေမှုကို တိုက်ရိုက်ရရှိတာမျိုးမရှိဘဲ ကျောင်းသားမိဘတွေဆီက ကောက်ခံရရှိတဲ့ ပညာသင်စရိတ်တွေပေါ်မှာပဲ မှီခိုနေရတဲ့ အခြေအနေပါ။

ဒီလိုအခြေအနေမှာပဲ ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး အာရက္ခပညာရေးဌာနက စနစ်သစ်တခုကို စတင်ကျင့်သုံးလိုက်ပါတယ်။

အရင်က ဆရာ၊ ဆရာမတွေက ကျောင်းလခကို တိုက်ရိုက်ကောက်ခံပြီး ကိုယ့်ဘာသာ ခွဲဝေယူတဲ့စနစ်ကို ပယ်ဖျက်လိုက်ပြီး၊ အခုတော့ မြို့နယ်ရုံးကို အပ်နှံရတဲ့စနစ်ကို ပြောင်းလဲ လိုက်တာပါ။

ဒီစနစ်သစ်အရ ပညာရေးဝန်ထမ်းတိုင်းကို တလကို လစာ  ကျပ် ၂ သိန်း တပြေးညီ သတ်မှတ်ပေးထားပြီး ကျောင်းအုပ်ကြီးတွေအတွက်တော့ ခရီးစရိတ် ကျပ် ၃၀,၀၀၀  ထပ်ဆောင်းပေးပါတယ်။

ဒါပေမဲ့ ဒီငွေပမာဏဟာ လက်ရှိကုန်ဈေးနှုန်းနဲ့ ယှဉ်ရင် အလွန်နည်းပါးနေတဲ့အတွက် လောက်ငမှုတော့မရှိပါဘူးလို့ အာရက္ခပညာရေးဌာနက ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

“ကျောင်းလခကို အရင်ကောက်လိုက်တယ်၊ ပြီးမှမြို့နယ်ရုံးကိုပေးရတာပါ။ ပြီးတော့မှပဲ မြို့နယ်ရုံးကတဆင့် ပြန်ခွဲယူရတာပါ။ ဘာလို့လဲဆိုတော့ ဝေးလံခေါင်ဖျားတဲ့နေရာတွေ၊ ကျောင်းသားတွေ အရမ်းနည်းတဲ့နေရာတွေမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေ အဆင်ပြေဖို့ အတွက် မျှဝေပြီး ပေးတဲ့သဘောပါ။ တန်းတူလစာနှုန်းထားပေးလိုက်တဲ့သဘောပါနော်။ မနှစ်ကတော့ တလကို တသိန်းပဲ ရပါတယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လစာ ကျပ် ၂ သိန်းရပါတယ်။ ဒီလစာက လောက်ငမှုတော့ မရှိပါဘူး။ ဘာလို့ဆို ရခိုင်မှာ အခုက ဆန်တအိတ်ကို ကျပ် ၁၇၀,၀၀၀ လောက် ကုန်ကျမှုရှိနေတာပါ။ ဆန်တအိတ် ဝယ်ရင် လစာက ကုန်သလောက်ပါပဲ။”

တဖက်မှာလည်း အာရက္ခပညာရေးဌာနအနေနဲ့ ပညာရေးဝန်ထမ်းတွေကို အရင်နှစ်တွေက တနှစ်မှာ ၃ ကြိမ် ဆန်၊ ဆီ၊ ဆား၊ ငါးခြောက် ထောက်ပံ့ပေးခဲ့ပေမဲ့ ဒီနှစ်မှာတော့ ထောက်ပံ့ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် ဆန်တအိတ်ကို ကျပ် ၁၇၀,၀၀၀  ပေးဝယ်နေရတဲ့ ရခိုင်ဒေသမှာ လစာ ၂ သိန်းရရှိတဲ့ ပညာရေးဝန်ထမ်းတွေအတွက်တော့ ဘယ်လိုမှ လောက်ငမှုမရှိနိုင်ပါဘူး။

အလားတူပဲ ဆရာ၊ ဆရာမတွေတင်မကဘဲ အစိုးရကျောင်းတွေမှာ လစာပေးဆောင်နေရတဲ့ ကျောင်းသားမိဘတွေအတွက်လည်း ပညာရေးစရိတ်က ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေပါတယ်။

အခမဲ့ပညာရေးစနစ် မရှိသေးတဲ့အတွက် ကျောင်းလစဉ်ကြေးတွေ၊ ကျူရှင်ခတွေအပြင် ကျောင်းသုံးပစ္စည်းဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေပါတယ်။

လက်ရှိမှာ အစိုးရကျောင်းတွေအတွက် ကျောင်းလခက တလမှာ ကျပ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ ကြားထိ ပေးဆောင်နေရသလို ကျူရှင်လခတွေကလည်း တလကို ကျပ် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးနေရတယ်လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

မိသားစုစားဝတ်နေရေးအဆင်ပြေအောင် ရုန်းကန်နေရတဲ့အတွက် ကျောင်းထွက်ပြီး အလုပ် လုပ်နေကြတဲ့ လူငယ်တွေ ပိုများလာနေပြီး ပညာရေးအလှမ်းဝေးကွာလာကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငွေကြေးလုံးဝမတတ်နိုင်တဲ့ မိသားစုတွေကို သက်ဆိုင်ရာက သေချာစိစစ်ပြီး အခမဲ့ပညာသင်ခွင့်ပေးနိုင်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ကျောင်းသားမိဘတယောက်က “ပညာရေးက မရှိမဖြစ်ဆိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ သင်ထားရတာပေါ့၊ ကျောင်းလစဉ်ကြေးတွေ ပေးနိုင်ဖို့အတွက် ကျူရှင်စရိတ်တွေ ပေးနိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ရှာရတာပေါ့လေ။ အဆင်ပြေလားဆိုတော့ ဘယ်နှနှစ်ကြာမယ်မှန်းမသိဘဲ အဲလိုမျိုး ကြာလာရင်တော့ တော်တော်လေး ဒုက္ခရောက်ကျလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ လစဉ်ကြေးနဲ့ ပတ်သက်ပြီးတော့မှ တတ်နိုင်တဲ့မိသားစုတွေရှိတယ်၊  လုံးဝမပေးနိုင်တဲ့မိသားစုတွေလည်းရှိတယ်၊  ဒါတွေကို တကယ့်ကို မှန်မှန်ကန်ကန် စစ်တမ်းကောက်ပြီးတော့မှ မပေးနိုင်တဲ့ မိသားစုတွေကို လစာကင်းလွတ်ခွင့် ပြုလုပ်ပေးပါ”လို့ ပြောပါတယ်။

ဒါ့အပြင် တဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတွေမှာ ပုံမှန်အတိုင်း သင်ကြားနိုင်တာမရှိဘဲ စိုးရိမ်စိတ်နဲ့ စာသင်နေရတဲ့ အခြေအနေပါ။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) ရဲ့ အစီရင်ခံစာအရ ရခိုင်ဒေသမှာ ကျောင်းထွက်နှုန်းဟာ သိသိသာသာ မြင့်တက်လာနေတယ်လို့ ဆိုထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ဖို့အတွက် ကျောင်းသားမိဘတွေကို ပံ့ပိုးပေးတာ၊ ဆရာ၊ ဆရာမတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးတာမျိုးနဲ့ လစာနှုန်းထားတိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ပညာရေးအသိုက်အဝန်းက တောင်းဆိုနေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013