DVB Logo
Home
မြန်မာသတင်း
ကမ်းပြို ရေပေါက်ကြီးရွာသားများ အကူအညီလို၊ ညောင်ပင်သာတာကျိုးမည်ကို ဒေသခံများ စိုးရိမ် 
ဟန်န
·
August 17, 2026
Photo: DVB
Photo: DVB
Donate to DVB

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ရေပေါက်ကြီးကျေးရွာမှာ ဩဂုတ် ၁၁ ရက်က မြစ်ကမ်းပြိုလို့ နေအိမ် ၁၅ လုံးပြိုကျခဲ့တာကြောင့် နေရာရွှေ့ပြောင်းခဲ့ရပြီး လူသေဆုံးမှုမရှိပေမဲ့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေပြီး  ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီ လိုအပ်နေပါတယ်။

ပင်မတာကြီး ကျိုးသွားပြီးတဲ့နောက် ကမ်းထပ်ပြိုလို့ ဝါးအိမ်ကို အလျင်အမြန်ဖျက်ပြေးရတဲ့ ရေပေါက်ကြီးရွာသူတယောက်က  “အကူအညီတွေလည်း မရောက်သေးဘူး။ အခု ဒီတာကြီးက ကျိုးသွားတော့ အိမ် ၁၅ လုံး ဖျက်ပစ်လိုက်ရတယ်။ စားဝတ်နေရေး မပြေလည်ဘူး။ နေဖို့ထိုင်ဖို့လည်း မရှိဘူးပေါ့။ ပံ့ပိုးမဲ့သူတွေလည်း မလာသေးဘူးပေါ့။ အခုအချိန်မှာ ဘာတွေ စိုးရိမ်မိလဲဆိုတော့ ရေတွေကလည်း ကြီးလာပြီ၊ စားဝတ်နေရေးတွေလည်း အဆင်မပြေဘူး၊ ကလေးတွေနဲ့” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာလည်း အခုလိုပဲ ရေပေါက်ကြီးရွာမှာ ကမ်းပြိုကျမှုကြောင့် နေအိမ် ၄၉ လုံးကို ရွှေ့ခဲ့ရပါတယ်။ 

ရွာမြေနေရာ အခက်အခဲကြောင့် အဲဒီနေအိမ်တွေအတွက် တာအပြင်ဘက် တာခြေမှာ ယာယီနေရာချထားခဲ့ပေမဲ့ လက်ရှိ မြစ်ရေတက်လာမှုကြောင့် အဲဒီအိမ်တွေလည်း ရေမြုပ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြိုကျသွားတဲ့ နေအိမ် ၁၅ လုံးထဲက တချို့ဟာ မြစ်နဲ့ ပေ ၂၀၀ လောက်သာဝေးတဲ့ ပင်မတာနဲ့ ပန်းတာကြားက ရေလွတ်နေသေးတဲ့ တာခြေမှာ ဝါးအိမ်လေးတွေ ပြန်ဆောက်နေပေမဲ့ အိမ်ပြန်ဆောက်ဖို့ နေရာလည်းမရှိ၊ ငွေကြေးခက်ခဲနေကြသူတွေလည်း ရှိနေပါတယ်။

နှစ်ပေါင်း ၃၀ လောက် ဆက်တိုက်ကမ်းပြိုလာတဲ့ အဲဒီရွာဟာ နေအိမ်တွေ ခဏခဏ ပြောင်းရွှေ့ရသလို အဲဒီဒဏ်တွေကြောင့်ပဲ တာအပြင်မှာနေတဲ့ ကျေးရွာသားတွေဟာ လူမှုစီးပွားဖွံ့ဖြိုးဖို့ နာလန်မထူနိုင်အောင် ဖြစ်နေကြပါတယ်။

ရေပေါက်ကြီးရွာသူတယောက်က “အခုပိုက်ဆံမရှိတော့ ဟို့လူ့ဆီ ပြောရနိုး၊ ဒီလူ့ဆီ ပြောရနိုးနဲ့ သွားရှာတဲ့ အိမ်တွေကျတော့လည်း တချို့က မရှိဘူးလို့ ပြောလိုက်တယ်။ ကျမတို့မှာ အခက်အခဲတွေ အမျိုုးမျိုး ကြုံတယ်။ အဲဒီလို ယာယီ နေဖို့လေးတောင်မရှိတော့ ခြံတွေ ဘာတွေရှိတဲ့သူဆီ တက်တယ်။ ကျမတို့ကို ခဏတဖြုတ်လောက် ထားပေးပါဆိုတော့ သူတို့က လက်သင့်ခံတဲ့သူလည်း ခံတယ်၊ မခံတဲ့သူလည်း မခံဘူး။ အဲဒီမှာ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိဘူး။ ကျမတို့မှာ နေရာကိုမရှိတာ” လို့ ပြောပါတယ်။

ရေပေါက်ကြီးရွာအနီးမှာရှိတဲ့ ညောင်ပင်သာရွာမှာလည်း လေးမျက်နှာမြို့နယ်မှာ တာကျိုးခဲ့သလို ရေစိမ့်ဝင်နိုင်တဲ့ သဲကြောကနေ ထူးပေါက်တဲ့နေရာရှိနေလို့ ရေပေါက်ကြီးအရေးကို အာရုံစိုက်နိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် ဌာနဆိုင်ရာက အကူအညီတွေ မရရှိသေးတဲ့အပြင် လာရောက် ကြည့်မှုတွေတောင်မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရေပေါက်ကြီးကျေးရွာမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ဧရာဝတီကမ်းပါးပြိုကျမှုကို မထိန်းသိမ်းနိုင်ခဲ့တဲ့ အခြေနေကြောင့် ရွာမြေ တနေရာစီမှာရှိနေတဲ့ ဘုရားနှစ်ဆူဟာ ဧရာဝတီမြစ်ထဲ ပါခဲ့သလို မိုင်နဲ့ချီတဲ့ ရွာမြေ၊ စိုက်ခင်းမြေတွေလည်း ကမ်းပြိုတဲ့အထဲ ပါသွားကြပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်နေချိန်မှာ ဇလွန်မြို့နယ် ညောင်ပင်သာတာ ကျိုးမှာကို စိုးရိမ်တဲ့တွက် ဒေသခံ ၁,၀၀၀ ကျော်ဟာ တာကြံ့ခိုင်ရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပါတယ်။ 

ဇလွန်မြို့နယ် ဝါးပတောလမ်းခွဲက ဝင်ရတဲ့ ညောင်ပင်သာတာမှာ ထူးပေါက်လို့ ခေါ်တဲ့ ရေထွက်ပေါက်အပြင် တာအိ၊ တာပြိုပြီး ပျက်ယွင်းလာတာတွေရဲ့ ပျက်စီးတဲ့အပိုင်း အကွာအဝေးက ပေ ၁,၀၀၀ အတွင်း ဖြစ်ပွားနေပြီး တာကျိုးနိုင်မှာကို စိုးရိမ်နေကြတယ်လို့ ညောင်ပင်သာကျေးရွာသား တယောက်က ပြောပါတယ်။

“စပြီးဖြစ်တာ ဟိုဘက်က အလယ်ပေါက်ပေါ့၊ ဟိုဘက် ဒီဘက် မြေကြီးတွေက မိုးရွာတော့ ပြဲကျသွားတယ်။ ပြဲကျပြီးတော့ အဲဒီမှာ တိုင်းပြည်က စိတ်မချရတဲ့အနေထား။ စိတ်မချရတဲ့ အနေထားကို ပထမတရေ ကျသွားတယ်။ ကျသွားတဲ့အခါမှာ ဝိုင်းဝန်းပြီးတော့ သဲအိတ်တွေ ဘာတွေ ခံလိုက်တဲ့အတွက် ပထမရေမှာ အဆင်ပြေသွားတော့ ဒုတိယရေလည်းကျရော လက်ရှိ ဒီဘက်က ဖြစ်နေတဲ့နေရာက ထပေါက်တော့ တာပေါက်တာပါ ခင်ဗျ။ တာပေါက်တော့ အခုလက်ရှိ တော်တော်ကို အပင်ပန်းခံ ပြန်လုပ်ထားတယ်။”

တာကျိုးမဲ့အန္တရာယ် ကာကွယ်ဖို့ ညောင်ပင်သာရွာသားတွေအပြင် ဟင်္သာတနဲ့ ဓနုဖြူမြို့တွေက လာရောက်သူတွေ အပါအဝင် လူဦးရေ ၁,၅၀၀ လောက်ဟာ သဲထည့်၊ သဲထမ်းနဲ့ သယ်ပိုး လုပ်ကိုင်နေကြတာ သဲအိတ်ပေါင်း ၁ သိန်းနီးပါး ရှိလာလို့ သိရပါတယ်။

ဇလွန်မြို့နယ်သားတယောက်က  “ကျနော်တို့ ဘာကြောင့် လာလုပ်အားပေးရလဲဆိုတော့ ဒီတာကြီး တချောင်းက တကယ်လို့များ ပြိုကွဲပျက်စီးသွားမယ်ဆိုရင် ကျေးလက်နေပြည်သူတွေအနေနဲ့ အများကြီး ပျက်စီးဆုံးရှုံးစရာရှိလို့ ကျနော်တို့ ကျေးရွာကနေ တတ်နိုင်သလောက် အင်အားလေးနဲ့ ဒီရွာမှာ စိုးရိမ်မှု ဘယ်နေရာ အနေထားရှိလဲဆိုတာ ဒါကိုတက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဖို့အတွက် လာရောက်ပြီးတော့ လုပ်အားပေးခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်ကဖြစ်ပွားခဲ့တဲ့ လေးမျက်နှာ တာကျိုးပြီးတဲ့နောက် လေးမျက်နှာမြို့နယ်နဲ့ ဟင်္သတ၊ ရေကြည်မြို့နယ်တွေရှိ ကျေးရွာပေါင်း ၂၀၀ ခန့် ရေနစ်မြှုပ်ခဲ့ရသလို လူဦးရေ ၄၀,၀၀၀ နီးပါး ရေဘေးသင့်ခဲ့ပါတယ်။ 

ဒါ့ကြောင့် ဇလွန်မြို့နယ်ရှိ ညောင်ပင်သာတာကျိုးပါက မိုးစပါး စိုက်ဧက သုံးသောင်းကျော်သာရှိတဲ့ လေးမျက်နှာထက် စိုက်ဧက သုံးသိန်းကျော်ရှိပြီး လေးမျက်နှာမြို့ထက်ပိုပြီး အချက်အချာကျ လူနေပိုထူထပ်တဲ့မြို့ကြီးတွေဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူမြို့နယ်တွေဟာ ရေဘေးဒဏ်ကို အကြီးအကျယ်ခံစားရမှာ ဖြစ်ပါတယ်။

ဩဂုတ် ၁၅ ရက် မိုးလေဝသနဲ့ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာရှိနေပြီး နောက် ၁ ရက်အတွင်း ၁၅ စင်တီမီတာခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှ ရှိနေမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇလွန်မြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေသူတွေကို အထူးဂရုပြုနေကြဖို့နဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။ 

ဒါ့ကြောင့် စိုးရိမ်ရေမှတ် မရောက်ခင်ကတည်းက ညောင်ပင်သာတာမှာ ရေထွက်လာတဲ့ ထူးပေါက်တွေ ဖြစ်ပွားနေခဲ့တာပါ။ အခုလို ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်လာတဲ့ အခြေအနေမှာတော့ ဒေသခံတွေက တာကြံ့ခိုင်ရေးအတွက် ပိုမို စိုးရိမ်လာနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က အာဏာသိမ်းသမ္မတဟာ ရေဘေးအလှူငွေ ကျပ်ငွေ ၂၃ ဘီလီယံကျော် ရရှိထားပေမဲ့ အတိဒုက္ခဖြစ်နေတဲ့ ပြည်သူပြည်သားတွေအတွက် ရေပေါက်ကြီးကျေးရွာလိုပဲ အရေးပေါ်တုံ့ပြန်တဲ့ အကူအညီတွေ မရရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013