DVB Logo
Home
နိုင်ငံတကာ
တရုတ်သူလျှိုအမျိုးသမီး ၁ ဦးကို FBI ဖမ်းဆီး
DVB
·
October 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တရုတ်အရာရှိတွေရဲ့ ညွှန်ကြားချက်အရ ထိုင်ဝမ်သမ္မတရဲ့ သားတယောက်ကို စောင့်ကြည့် ထောက်လှမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးတယောက်ကို အမေရိကန် အာဏာပိုင်တွေက အောက်တိုဘာ ၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဖယ်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) က ပြောပါတယ်။

တရုတ်နိုင်ငံကို မသွားမီ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျန်းဝမ်ယဉ် ခေါ် ဟိသာ ဆိုသူကို ဖမ်းဆီးခဲ့တယ်လို့ FBI ရဲ့ ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းခရိုင်ဆိုင်ရာ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ လက်ထောက်ရှေ့နေချုပ် ဘီလ်အက်ဆေးလီက သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ FBI သူလျှိုတွေက ကျန်းကို လေဆိပ်အဆောက်အအုံအတွင်း ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အာဗိုင်းမြို့က အသက် ၃၄ နှစ်အရွယ် ကျန်းကို မှတ်ပုံတင်မထားတဲ့ နိုင်ငံခြားသူလျှိုတယောက်အဖြစ် ဆောင်ရွက်မှုနဲ့ အာဏာပိုင်တွေက စွဲချက်တင်ခဲ့ပါတယ်။

ကျန်းဟာ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ရဲ့ သားတယောက်ကို စောင့်ကြည့်ထောက်လှမ်းခဲ့တယ်လို့ FBI က ပြောပါတယ်။

အေဂျင်စီအနေနဲ့ ကျန်းက စောင့်ကြည့်ခဲ့တယ်လို့ စွပ်စွဲခံရသူရဲ့ နာမည်ကို တိုက်ရိုက် ထုတ်မပြောပေမဲ့ နောက်ပိုင်းမှာ အမေရိကန်မှာ နေထိုင်သူ လိုင်တင်းယု ဖြစ်တယ်လို့ New York Post သတင်းမှာ ဖော်ပြပါတယ်။

ကျန်းဟာ တရုတ်အရာရှိတွေရဲ့ ညွှန်ကြားချက်အရ ၂၀၂၅ ခုနှစ်မှာ ဆီယက်တယ်မြို့ကို သွားရောက်ခဲ့ပြီး ထိုင်ဝမ်ခေါင်းဆောင်ရဲ့သားနဲ့ သူ့ရဲ့မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ယာဉ်နံပါတ်ပြားဆိုင်ရာ အချက်အလက်တွေကို တရုတ်အရာရှိတွေဆီ ပေးပို့ခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။

ကျန်းက သူ့လုပ်ဆောင်ချက်တွေ မပေါက်ကြားစေဖို့ သူလျှိုလုပ်ငန်းဆိုင်ရာ နည်းလမ်းတွေကို သုံးခဲ့ပြီး နိုင်ငံခြားအစိုးရတခုအတွက် လုပ်နေတာကိုလည်း အမေရိကန်အစိုးရဆီ အသိပေး အကြောင်းကြားခြင်း မရှိခဲ့ဘူးလို့ ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း ခရိုင်ဆိုင်ရာ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ လက်ထောက်ရှေ့နေချုပ် ဘီလ်အက်ဆေးလီက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဝါရှင်တန်မြို့တော်က တရုတ်သံရုံးနဲ့ အမေရိကန်အခြေစိုက် ထိုင်ဝမ်အစိုးရ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း မတုံ့ပြန်ပါဘူး။

ကျန်းမှာ ခုခံချေပပေးမဲ့ ရှေ့နေ ရှိ၊ မရှိကို ချက်ချင်းမသိရသေးပါဘူး။ သူ့ကို အောက်တိုဘာ ၅ ရက်မှာ လော့စ်အိန်ဂျလိစ်မြို့တော်ရှိ ဖက်ဒရယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ ဘီလ် အက်ဆေးလီက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013