တရုတ်သူလျှိုလို့ စွပ်စွဲခံထားရသူနဲ့ Nvidia စီအီးအို ပတ်သက်မှုကို FBI က စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
Nvidia စီအီးအို ဂျန်ဆန်ဟွမ်ကို တရုတ်သူလျှိုအဖွဲ့ရဲ့ ပစ်မှတ်ထားမှုခံရတာလို့ အမေရိကန်က ယုံကြည်ထားပါတယ်။ထရမ့်ပ်ကလည်း ဂျန်ဆန်ဟွမ်နဲ့ သူ စကားပြောခဲ့တယ်လို့ ပြောပါတယ်။
ထရမ့်ပ်က “အဲဒီအမျိုးသမီးက သူလျှိုတယောက်ဆိုတာ မင်းသိလားလို့ ကျနော်က မေးခဲ့ပါတယ်။ သူကတော့ သူလျှိုမှန်း မသိဘူးလို့ ပြောတယ်။ သူပြောတာကို ကျနော် ယုံပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နိုင်ငံကတော့ ဟွမ်ကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပြီး ဒီလိုစွပ်စွဲချက်တွေက အခြေအမြစ်မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။
တရုတ်နိုင်ငံကို အပုပ်ချမှုနဲ့ တမင်မကောင်းကြံတဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။
တရုတ်အမျိုးသမီးဖြစ်တဲ့ အဲလက်ဟွမ်အရေးကို Nvidia ကုမ္ပဏီကလည်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
Nvidia ဟာ Apple ပြီးရင် ကမ္ဘာ့ ဒုတိယ တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်ပြီး AI နည်းပညာရဲ့ ပင်မကုမ္ပဏီအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Nvidia စီအီးအို သူလျှိုလို့ စွပ်စွဲခံရသူနဲ့ ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် တနင်္လာနေ့က ကုမ္ပဏီရဲ့ ရှယ်ယာ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ တန်ဖိုး ဒေါ်လာ ဘီလီယံ ၂၅၀ ထိခိုက်စေခဲ့ပါတယ်။
အဲလက်ဟွမ်ဟာ တရုတ်နိုင်ငံရဲ့ သူလျှိုဖြစ်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့တာဖြစ်ပြီး အမေရိကန် စုံစမ်းရေးအဖွဲ့တွေကလည်း သူလျှိုတယောက်အဖြစ် ယုံကြည်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အမေရိကန်ထောက်လှမ်းရေးက တရုတ်အမျိုးသမီး စီးပွားရေးသမား အဲလက်ဟွမ်ဟာ တရုတ်နိုင်ငံရဲ့ သူလျှိုတယောက် ဖြစ်တယ်လို့ ယုံကြည်ထားပြီး Nvidia စီအီးအိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ နယူးယောက်တိုင်းမ်က ဖော်ပြပါတယ်။ အဲလက်ဟွမ်ဟာ စင်ကာပူအခြေစိုက် Megaspeed ရဲ့ အမူဆောင်ဟောင်းတယောက် ဖြစ်ပါတယ်။
Megaspeed ဟာ Nvidia ဆီကနေ ချစ်ပ်ပြားတွေ ဝယ်ယူပြီး တရုတ်ကို တင်ပို့ခွင့် ပိတ်ပင်ထားတဲ့ အဆင့်မြင့် AI ချစ်ပ်ပြားတွေကို တရုတ်အစိုးရဆီ ပို့ပေးနေတယ်လို့ သံသယရှိခံနေရတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
Source: Reuters











