
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်တွေက မွတ်စလင်တွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ကုရ်ဘာနီနေ့အတွက် နွားတွေ လှူဒါန်းခဲ့သလို နွားတွေ ဝယ်ယူရာမှာလည်း အခွန်ကင်းလွတ်ခွင့် ပြုထားတယ်လို့ ULA/AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မောင်တောနဲ့ မြောက်ဦးခရိုင်ရှိ မြို့တွေနဲ့ ကျေးရွာတွေက မွတ်စလင်တွေကို မေ ၂၇ ရက်က နွားလှူဒါန်းပေးခဲ့တာပါ။
ULA/AA နဲ့ နီးစပ်သူတယောက်က “မောင်တောခရိုင်နဲ့ မြောက်ဦးခရိုင်က မွတ်ဆလင်တွေကို ကုရ်ဘာနီနေ့အတွက် အစိုးရဘက်က နွားတွေ လှူဒါန်းခဲ့တာ ရှိတယ်။ တချို့ ရွာတွေကို ၂ ကောင်ကျ လှူဒါန်းခဲ့တာတွေ ရှိတယ်။ ဒီနေ့အတွက် နွားတွေဝယ်တာတွေကိုလည်း အခွန်ကင်းလွတ်ခွင့် ပြုပေးထားတယ်။ အဓိကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရက်ထူးရက်မြတ်အတွက် အစိုးရဘက်က တတ်နိုင်သလောက် ကူညီတာနဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုကို ဦးတည်ပြီး လှူဒါန်းပေးတာ”လို့ ပြောပါတယ်။
မေ ၂၈ ရက်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရက်ထူးရက်မြတ်ဖြစ်ပြီး တကမ္ဘာလုံးက အစ္စလာမ် ဘာသာဝင်တွေက အလှူအတန်းတွေ ပြုလုပ်ကြတာလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ကလည်း ရခိုင်ပြည်က အစ္စလာမ်ဘာသာဝင်တွေအတွက် ကုရ်ဘာနီနေ့မှာ ULA/AA က နွားတွေ လှူဒါန်းခဲ့သလို အဲဒီနေ့အတွက် နွားဝယ်ယူမှုတွေကိုလည်း အခွန်ကင်းလွတ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ပြီးနောက် မွတ်စလင်တွေအပေါ် လွတ်လပ်စွာ သွားလာခွင့်နဲ့ ကျန်းမာရေးကုသတာတွေမှာ ဖြေလျှော့မှုတွေ ရှိလာသလို ဘာသာရေးနေ့တွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်လာတယ်လို့ မြောက်ဦးမြို့နယ်က မော်လဝီဆရာတယောက်က ပြောပါတယ်။
“AA ထိန်းချုပ်ပြီး နောက်ပိုင်းတော့ မွတ်စလင်တွေအပေါ် လွတ်လပ်စွာ သွားလာခွင့် ဖြေလျှော့တာတွေ၊ ဘာသာရေးနေ့တွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်တိုက်လုပ်လာတယ်။ ဒီဟာတွေက ကျနော်တို့ မဖြစ်မနေ အသိမှတ်ပြုရမှာပါ။ ဒီလိုလုပ်ဆောင်မှုတွေက လူမှုသဟဇာတ တည်ဆောက်ရာမှာ အများကြီး သက်ရောက်မှုတွေ ရှိလာနိုင်တယ်။”
မေ ၂၃ ရက်ကလည်း မြောက်ဦးမြို့မှာ ကုရ်ဘာနီနေ့ အကြိုအထိမ်းအမှတ်အမှတ် စစ်သုံ့ပန်းတွေ အပါအဝင် အကျဉ်းသား ၅၇ ယောက်ကို အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ပြီးနောက် ဘာသာရေးလွတ်လပ်ခွင့် ဖြေလျှော့ပေးတာ၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ဆေးကုသခွင့် ဖြေလျှော့တာနဲ့ ကူးသန်းရောင်းဝယ်မှုအပိုင်းတွေမှာ တန်းတူညီမျှ ရှိလာတာကြောင့် လူမှုသဟဇာတမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ မွတ်စလင်အသိုင်းအဝန်းက ပြောကြပါတယ်။
သံတွဲမြို့မှာတော့ မွတ်စလင်တွေ ခရီးသွားလာရာမှာ အာရက္ခတပ်တော် (AA) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ခွဲခြားဆက်ဆံ တားဆီးစစ်ဆေးနေပြီး မကြာသေးခင်ကလည်း တရားထိုင်သွားသူတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။










