
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နတ်မြစ်ထဲ ငါးရှာနေတဲ့ ဒေသခံ အမျိုးသမီးတယောက်အပါ ၃ ယောက် လိုက်ပါလာတဲ့ စက်လှေတစင်းကို မွတ်စလင်လက်နက်ကိုင် စက်လှေတစင်းက သေနတ်နဲ့ လိုက်ပစ်တဲ့အတွက် တယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၄ ရက် နေ့လယ်က မောင်တောမြို့နယ် ခြံပြင်ရွာသား အမျိုးသမီးတယောက် အပါအဝင် ၃ ယောက်ဟာ စက်လှေတစင်းနဲ့ နတ်မြစ်မှာ ငါးရှာနေစဉ် ဘင်္ဂလားဘက်က မွတ်စလင် ၅ ယောက် စက်လှေတစင်းနဲ့လာပြီး သေနတ်နဲ့ လိုက်ပစ်ခဲ့တာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“နေ့ခင်းဘက် ၁၂ နာရီလောက်မှာ ငါးရှာနေတုန်း စက်လှေနဲ့လာပြီး သေနတ်နဲ့ ၆ ချက် လှမ်းပစ်တာပါ။ တယောက် ဒဏ်ရာရတယ်၊ ကျန် ၂ ယောက်က ဘာမှမဖြစ်ဘူး၊ ထွက်ပြေးလာကြတယ်။”
ဒီပစ်ခတ်မှုမှာ မောင်တောခြံပြင်ကျေးရွာက အသက် ၄၀ အရွယ် ဦးမောင်မောင်ကြီးမှာ ဘယ်ဘက်ပါးနဲ့ နှာခေါင်းတို့မှာ ဒဏ်ရာကိုယ်စီရပြီး သူနဲ့အတူ ငါးရှာနေတဲ့ ဦးဘိုဝင်းထွန်းနဲ့ ဒေါ်အဘု တို့ကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
အခုလို မောင်တောမြို့နယ်မှာ မွတ်စလင်လက်နက်ကိုင်တွေက ဒေသခံတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ မိုင်းထောင်တာတွေ လုပ်ဆောင်လာတဲ့အတွက် အာရက္ခတပ်တော် (AA) က နေ့ရောညပါ လုံခြုံရေးကင်းလှည့်ပြီး အချိန်ပြည့် တိုးမြှင့်လုပ်ဆောင်နေတယ်လို့ မောင်တောမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“AA က တပ်ဖွဲ့ဝင်တွေ နေ့ရောညပါ အချိန်ပြည့် ကင်းလှည့်တယ်။ နောက်ပြီး လုံခြုံရေးသတိ အမြဲပေးထားတယ်။ တရွာနဲ့တရွာ အလိုရှိလို့ သွားရင်တောင် အချိန်မတော်အခါမသင့် မသွားဖို့လည်း ပြောထားတယ်။”
အာရက္ခတပ်တော် (AA) လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့ရှိ ဒေသခံပြည်သူတွေကို ARA / ARSA / RSO အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ မောင်တောမြို့အတွင်း နေ့ရော ညပါ အချိန်ပြည့် ကင်းလှည့်တာ၊ မြို့အဝင်အထွက် စစ်ဆေးတာနဲ့ ရပ်ကွက်အလိုက် လုံခြုံရေးယူတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











