
ရခိုင်ပြည်နယ်၊ ဝီရဌာနီ(ပေါက်တော)မြို့နယ်၊ ဆင်တက်မော်ကျေးရွာက မွတ်စလင် ငါးဖမ်းသမား ၈ ယောက်ကို စက်တင်ဘာ ၁၇ ရက်မှာ စစ်အာဏာရှင်တပ်ရဲ့ ရေတပ်သင်္ဘောတွေက ဖမ်းဆီးခဲ့ပြီး နောက်တနေ့ စက်တင်ဘာ ၁၈ ရက်မှာ ပင်လယ်ထဲကို စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်တက်မော်ကျေးရွာက မွတ်ဆလင် ၁၆ ယောက်ဟာ စက်တင်ဘာ ၁၇ ရက်မှာ စက်လှေ ၂ စင်းနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ငါးဖမ်းထွက်ကြတုန်း ရေတပ်က စက်သေနတ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ဖမ်းဆီးရာမှာ ငါးဖမ်းသမား ၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး ကျန် ၈ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရရှိထားသူတွေကို အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးပြီးနောက် လူတယောက်ကို လီတာ ၂၀ ဆံ့ ပလတ်စတစ်ဘူး တဘူးစီနဲ့ စက်တင်ဘာ ၁၈ ရက်က ပင်လယ်ပြင်မှာ စွန့်ပစ်ခဲ့ပြီး အနီးအနားမှာ ဖြတ်သန်းသွားလာတဲ့ ငါးဖမ်းစက်လှေတွေက ကယ်ဆယ်ခဲ့ကြတာကြောင့် အသက်ရှင်ခဲ့ကြတာလို့ ပေါက်တောဒေသခံ မွတ်စလင် အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က ပင်လယ်မှာ ကမ်းနီးမှာ ပုံမှန် ငါးဖမ်းထွက်နေကြတဲ့သူတွေပါ။ လက်ရှိ စစ်တွေ တိုက်ပွဲပြင်းတော့ စစ်တပ်ရဲ့ နေဗီတွေက ပစ်ခတ်ဖမ်းဆီးတာပေါ့။ စက်လှေ ၂ စင်း၊ လူ ၁၆ ဦး ထွက်သွားကြတာမှာ ၈ ယောက် တစင်းက အဖမ်းခံရပြီး ကျန် ၈ ယောက် တစင်းက ထွက်ပြေးလွတ်မြောက်လာတယ်။ ဖမ်းဆီးခံရသူတွေကို AA တွေနဲ့ ဆက်စပ်မှုရှိလား စစ်ဆေးပြီး ပင်လယ်ထဲမှာ တယောက် ဂါလန်ဘူးတဘူးစီနဲ့ စွန့်ပစ်ခဲ့တာ။ ကံသီလို့ပေါ့။ ပင်လယ်ထဲ မျောနေချိန်မှာ အနီးက ဖြတ်သန်းသွားတဲ့ မော်တော်ဘုတ်တစင်းက ကယ်ခဲ့လို့။ မဟုတ်ရင် အားလုံး သေသွားနိုင်တယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်က ဖမ်းဆီးမှုမှာ စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ ပစ်ခတ်မှုကြောင့် မွတ်စလင်ငါးဖမ်းသမားတွေရဲ့ စက်လှေ ၂ စင်းလုံးဟာ မီးလောင် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းထိုးစစ်မှာ အထိနာပြီးနောက် စက်တင်ဘာလ ဒုတိယအပတ်ကတည်းက ဘင်္ဂလားပင်လယ်အော် ကမ်းပါးမှာတည်ရှိတဲ့ ပေါက်တောမြို့နယ်၊ မြေငူကျွန်းကို လေကြောင်းတိုက်ခိုက်တာ၊ ရေကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေကြောင့် ကျွန်းပေါ်က ဒေသခံတွေဟာလည်း ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ ရေတပ်စစ်သင်္ဘောတွေဟာ ပေါက်တောမြို့နယ်က မြေငူကျွန်းနဲ့ ပိန္နဲချောင်းကျွန်းအနီးတွေအထိ ကမ်းလှည့်တာနဲ့ စစ်ရေးလှုပ်ရှားနေတာကြောင့် ဒေသခံ ငါးဖမ်းသမားတွေ အခက်တွေ့နေကြတယ်လို့ ပေါက်တောဒေသခံ နောက် အမျိုးသားတယောက်က ပြောပါတယ်။
“ရေတပ်လှုပ်ရှားမှုတွေက ဒီရက်ပိုင်း ကျွန်အနီးတွေအထိ ကပ်လာတာရှိတယ်။ မြေငူကျွန်းဘက်ဆိုရင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိတယ်။ ဒေသခံ ကျေးရွာသားတွေလည်း ဘေးလွတ်ရာရွာတွေကို တိမ်းရှောင်နေကြရသလို ရေလုပ်ငန်းလည်း ဘာမှ လုပ်လို့မရတော့ဘူး။ စားဝတ်နေရေး ကျပ်တည်းတာနဲ့ စစ်တပ်ရဲ့ အန္တရာယ်တွေကိုလည်း သတိကြီးစွာ ထားနေကြရတယ်။”
လက်ရှိမှာ စစ်အာဏာရှင် ရေတပ်က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပေါက်တောမြို့နယ်က စိုးမဲကျီ၊ ကုလားသိမ်၊ ကျူတောချိုင်၊ ရည်ညောင်ချောင်း စတဲ့ ကျေးရွာတွေက ဒေသခံအချို့ဟာလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၁ ရက်ကလည်း မြေငူကျွန်းက စစ်တွေမြို့တဘက်ကမ်း သဲခုံ၊ ယာတိုက်နဲ့ ဂြင်းချောင်းကျေးရွာအနီးကိုလည်း စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။











