
စစ်အာဏာရှင်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က ရွှေမိုး ရတနာရွှေဆိုင် စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့ အမှတ် ၂ ရပ်ကွက် ပင်လုံလမ်းမှာရှိနေတဲ့ အဲဒီရွှေဆိုင်ကို ဓားပြဝင်တိုက်တာ ဖြစ်ပြီးတော့ ရွှေ၊ ငွေနဲ့ ဖုန်းတွေပါသွားလို့ ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးနေပါတယ်။ ဓားပြတိုက်ခံရလို့ ပါသွားတဲ့ တန်ဖိုးပမာဏကိုတော့ အတိအကျ မသိရသေးပါဘူး။
ကျောက်မဲမြို့ဒေသခံတယောက်က “တရားခံတွေကိုတော့ ဖမ်းမမိသေးဘူး။ တရားခံက ၂ ယောက်လို့လည်း ပြောတာပဲ။ အတိအကျတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ကလည်း ဓားပြတိုက်သေးတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီသတင်းကို ကျောက်မဲလွှတ်တော်အမတ်ကလည်း အတည်ပြုထားသလို “ကျောက်မဲမြို့မှာ ဓားပြတိုက်ခံရပြန်ပြီ။ အခုမှ မြို့က ပြန်စည်လာခါစရှိသေးလေ” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
စက်တင်ဘာ ၁၂ ရက်ကလည်း သေနတ်ကိုင်ဆောင်ထားသူ ၃ ယောက်ဟာ ဈေးကြီးတောင်ဘက် တိုက်တန်းမှာဖွင့်ထားတဲ့ ရွှေမိုးရွှေဆိုင်ကို ဝင်ရောက်ဓားပြတိုက်ခဲ့ပါသေးတယ်။
ဆိုင်ပိုင်ရှင်ဘက်က ပြန်လည်ခုခံလို့ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ရွှေထည်တွေကို ယူဆောင်သွားကာ အရပ်သားတယောက်နဲ့ ပိုင်ရှင်တို့ ဒဏ်ရာရှိခဲ့ပါတယ်။
ကျောက်မဲမြို့ကို စစ်အာဏာရှင်တပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာမှာပဲ ပြန်လည်ရယူသွားတာ ဖြစ်ပါတယ်။










