
စစ်ကိုင်းတိုင်းမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ တဲအိမ်တွေ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် ညနေက စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တချို့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ ချောင်းဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေပါ ကြွေခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယာယီတဲအိမ်တွေ အများအပြား ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ ကင်မွန်းတော် ကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ဆိုရင်လည်း စစ်ဘေးရှောင်တဲ ၂၅ လုံးလောက် ပျက်စီးသွားခဲ့ပါတယ်။ ဒီတဲအိမ်တွေဟာ ဆောက်လုပ်ထားတာ ၂ နှစ်ကျော်ကြာနေပြီဖြစ်လို့ ကြံ့ခိုင်မှုအားနည်းနေချိန်မှာ လေပြင်းဒဏ်ကို မခံနိုင်ဘဲ ပျက်စီးသွားရတာလို့ စစ်ရှောင်တယောက်က ပြောပါတယ်။
“၂၅ ရက် ညနေ ၄ နာရီလောက်ကျတော့ လေတိုက်ပြီး မိုးကျလာတာပေါ့၊ အစပိုင်းကတော့ လေက အရမ်းမကြမ်းသေးဘူး၊ နောက်ပိုင်းပြီးခါနီးမှ တော်တော် ဆောင့်တိုက်လိုက်သလို ဖြစ်သွားတာ လန်ကုန်တာပေါ့။ တဲဆိုတော့လည်း အိမ်လိုမကြီးတော့ မခိုင်တော့ အဲဒီလိုတွေ ဖြစ်သွားတာ၊ ထန်းလက်လေးတွေနဲ့ တဲတွေဖြစ်တဲ့အတွက် အဲဒီလိုလန်သွားတာတို့ ခေါင်တွေ ပြတ်သွားတာတို့ကတော့ ခန့်မှန်းခြေဆို ၂၅ လုံးပေါ့နော်။ ဒီကင်မွန်းတော်၊ ရွာသစ် ကန့်တခုထဲကို တော်တော်တော့ ပျက်စီးတာတွေ ရှိတယ်။ အိမ်သာတွေ ဆိုရင်တော့ အကုန်လုံးကို တုံးလုံးလဲကုန်တာ။”
ကင်မွန်းတော်ကျေးရွာဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ စိုးမိုးထားတဲ့နေရာ ဖြစ်တာကြောင့် ဒေသခံတွေဟာ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်ကတည်းက ရွာပြင်ထွက်ပြီး စစ်ဘေးရှောင်နေရတာ ၅ နှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။
တိမ်းရှောင်နေရတဲ့ ကာလတလျှောက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရတာကြောင့် စားဝတ်နေရေးအတွက် ဝင်ငွေ မလုံလောက်ကြဘဲ ခက်ခဲနေခဲ့ကြပါတယ်။
လက်ရှိမှာတော့ သစ်၊ ဝါးနဲ့ သက်ကယ် စတဲ့ အခြေခံအိမ်ဆောက်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေတာကြောင့် တဲအိမ်တလုံး ပြန်ဆောက်ဖို့ ကျပ် ၁၀ သိန်းဝန်းကျင်လောက်အထိ ကုန်ကျနိုင်ပါတယ်။ ဒီကုန်ကျစရိတ်ကို မတတ်နိုင်တာကြောင့် အသစ်ပြန်မဆောက်နိုင်ဘဲ ဒီနှစ်မိုးရာသီအတွက် အဆင်ပြေရုံပဲ ပြုပြင်သွားရမယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။
“အကုန်လုံးပျက်စီးကုန်တယ်လေ၊ အမိုးတွေ မိုးဖို့ဆိုတာကလည်း တိုင်တွေက အစားထိုးရမှာ ခုနေ တဲတလုံးရဲ့ တန်ဖိုးကလည်း အဖြစ်ဆောက်မယ်ဆိုရင် ၁၀ သိန်းဝန်းကျင်လောက်ရှိတယ်။ ဒါနေဖြစ်ရုံပဲနော်၊ ဟိုလိုကောင်းကောင်းယောင်းယောင်း မဟုတ်ဘူး။ အခုချိန်က နေရာဒေသအကုန် ခက်ခဲနေကြတော့ လောလောဆယ်တော့ ဘယ်ဆောက်နိုင်မလဲ။ ဒီဟာလေး ပြန်ပြုပြင်ပြီးတော့ နေကြရမှာပေါ့၊ လေကတော့ ဒီနှစ်ကတော့ မရှည်ဘဲနဲ့ ခဏလေးနဲ့ ကြမ်းသွားတာ၊ ခိုင်တော့ မခိုင်ဘူးပေါ့ဗျာ။ ကိုယ်ကတော့ လောလောဆယ် အခက်အခဲဖြစ်နေတဲ့အခါကျတော့ ရှိတာလေး ပြန်ပြုပြင်ပြီးနေရမှာပေါ့။”
ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်း ၁၂ ခုရှိပြီး လေပြင်းကြောင့် စစ်ရှောင်တဲ စုစုပေါင်း အလုံး ၁၀၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ ကွမ်းခြံနဲ့ ပဲခင်းတွေလည်း ပျက်စီးခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
အလားတူ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အရာတော်မြို့နယ်မှာလည်း ကျေးရွာ ၁၀ ရွာက ပြည်သူ ၁၀,၀၀၀ ကျော်ဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ သစ်ပင်ရိပ်တွေအောက်မှာ တိမ်းရှောင်နေရပါတယ်။ သူတို့ရဲ့ ယာယီအမိုးအကာတွေလည်း လေပြင်းကြောင့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အရာတော်မြို့နယ်က စစ်ဘေးရှောင်တွေဟာ မိုးဒဏ်ကနေ ကင်းလွတ်ဖို့ နီးစပ်ရာ ဘုန်းကြီးကျောင်း ဇရပ်တွေမှာ နေထိုင်နေရတဲ့အကြောင်း စစ်ရှောင်တယောက်က ပြောပါတယ်။
“အခုလောလောဆယ် အပေါ်က လေကြောင်းကတော့ နားထားတယ်၊ မိုးရာသီလည်း ဖြစ်တာကြောင့် မိုးကတော့ မိမှာပဲလေ။ တိုက်ပွဲကလည်း ပြီးသွားတာမဟုတ်ဘူး။ နားထားတာ ဆိုတော့။ အခုကတော့ ကျုပ်တို့ ရွာနီးချုပ်စပ် အိမ်တွေဘာတွေမှာ နေတာပေါ့။ နွားတွေဘာတွေရော ရွှေ့ပြောင်းနေရတယ်။ တချို့ဟာတွေကျတော့လည်း မိုးကာတဲလေးတွေပေါ့၊ ဇရပ်ရှိ ဇရပ်ပါ အဲဒီလိုရှောင်နေရတယ်။ ဘုန်းကြီးကျောင်းရှိ ဘုန်းကြီးကျောင်း ဇရပ်ပေါ့၊ အဲဒီလိုတွေ ရှောင်နေကြရတာပဲ။”
အလုပ်အကိုင် ရှားပါးမှုနဲ့အတူ သဘာဝဘေးဒဏ်ပါ ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ အလှူရှင်တွေကိုသာ အဓိက အားကိုးနေရပြီး ပျက်စီးသွားတဲ့ တဲအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။











