
စစ်အာဏာရှင်သမ္မတက လယ်ယာကဏ္ဍကနေ သီးထပ်စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အကျိုးအမြတ် ရနိုင်တယ်လို့ ပြောဆိုခဲ့ပါတဲ့အပေါ် စိုက်ပျိုးရေး ပညာရှင်တွေက တုံ့ပြန်ထားပါတယ်။
ရာသီချိန်တိုင်းမှာ စိုက်ပျိုးတဲ့ သီးနှံမျိုးတွေအလိုက် နိုင်ငံတဝန်းမှာ ပန်းတိုင်အထွက်နှုန်းကို မရလို့ အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိ နစ်နာဆုံးရှုံးနေရတာပါ။
ဒါပေမဲ့ စိုက်ဧကအလိုက် သီးထပ်စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ အကျိုးအမြတ် ရလာမယ်လို့ အာဏာသိမ်းသမ္မတက ပြီးခဲ့တဲ့ မေ ၁၅ ရက်က မန္တလေးမြို့က အသေးစား အလတ်စား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
ဒီလို ပြောဆိုလာတဲ့အပေါ် စိုက်ပျိုးရေးပညာရှင်တယောက်က “မက်လုံးရှိလာရင် တောင်သူက ထူးပြီးတော့ သူတို့ကို စေ့ဆော်စရာ မလိုဘူး။ သူတို့အကျိုးအမြတ်တွေ သူတို့လုပ်မယ်။ အဲဒီ ရရှိတဲ့ ထွက်ကုန်ကိုလည်း အကျိုးအမြတ်ရှိရှိ ရောင်းချနိုင်အောင် လုပ်ရမှာ အစိုးရပဲ။ အဲ့တော့ အစိုးရရဲ့အလုပ်က ထုတ်လုပ်မှုမှာ လုပ်သာကိုင်သာရှိအောင် ဖန်တီးပေးဖို့နဲ့ ရောင်းချတဲ့နေရာမှာ အကျိုးအမြတ် နဂိုရှိရင်းစွဲထက် ပိုကောင်းအောင် ဖန်တီးပေးလို့ရှိရင် ကျန်တဲ့အပိုင်းကတော့ ဘာတွေမှ တွက်ချက်မနေတော့နဲ့၊ အဲ့အလုပ်ကိုပဲ လုပ်လိုက်တော့။ အခုက တိုင်းပြည်က ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း လုပ်လို့မရပါဘဲနဲ့ အတင်းကို Drive လုပ်နေတာပေါ့နော်။ လမ်းက နည်းနည်း သူတို့က ဈေးကွက်ယန္တရားကို စီမံဖန်တီးတာကို လုပ်တာ မဟုတ်တဲ့အတွက် လမ်းက မှားနေတယ်။ မှားတာကို သိကောင်းသိမယ်။ သိပေမဲ့လည်း ပင်ရင်းပြဿနာကို ဖြေရှင်းလို့မရဘူး။ ဖြေရှင်းရင် ဒီနိုင်ငံက ထွက်ကိုပြေးရမှာ။ ထွက်ပြေးမှ ဒီပြဿနာ ပြေလည်မှာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်သမ္မတ ပြောတဲ့ ပန်းတိုင်အထွက်နှုန်းဆိုတာ စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားတာဖြစ်ပြီး မိုးစပါးအတွက် တင်း ၁၀၀၊ နွေစပါးအတွက် တင်း ၁၁၀၊ အစေ့ထုတ်ပြောင်းအတွက် ၈၅ တင်း၊ မတ်ပဲ ၂၅ တင်း၊ ပဲတီစိမ်း တင်း ၂၀၊ ပဲစင်းငုံ ၂၅ တင်း၊ ချက်ကြံ တန် ၃၀၊ အာလူး ၄,၅၀၀ ပိသာ၊ မြေပဲ တင်း ၇၀၊ နှမ်း တင်း ၂၀၊ နေကြာ တင်း ၅၀၊ ချည်မျှင်ရှည်ဝါ ပိသာ ၇၀၀၊ ကြက်သွန်နီ ပိသာ ၅,၀၀၀၊ ကြက်သွန်ဖြူ ပိသာ ၂,၅၀၀ ဖြစ်ပါတယ်။ အဲဒီအထွက်နှုန်းတွေ မရလို့ စစ်အာဏာရှင်သမ္မတက နစ်နာတယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။
ပန်းတိုင်အထွက်နှုန်းက စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားတာဖြစ်လို့ ကိုယ့်ရှူးကိုယ်ပတ်တာလို့ စိုက်ပျိုးရေးအရာထမ်းဟောင်းတယောက်က ပြောပါတယ်။
“အရင်ထဲက ဌာနမှာ ရှိကတည်းက ပန်းတိုင်အထွက်နှုန်းဆိုတာ သိပ်သဘောကျတာ မဟုတ်ဘူး။ ရည်မှန်းချက်ကတော့ ရှိရမှာပေါ့၊ လုပ်ကိုလုပ်ရမယ် ဆိုတာချည်းကတော့ မဟုတ်သေးဘူး။ မြေ၊ မျိုး၊ ပိုး အကုန်လုံးကိုက်ညီနေရင်တော့ ထွက်တာပေါ့။ စပါးလည်း မိုးစပါးဆို မွန်ပြည်နယ်မှာ တင်း ၆၀ ပတ်လည်ပဲ ထွက်တာ၊ ဒီထက်ပိုမထွက်ဘူး။ လျှောက်ပြောနေတာ။ အဲဒါမျိုးပေါ့နော်။ နွေစပါးကတော့ ထွက်လာနိုင်တယ်ဆိုတာ အထွက်ကောင်းစပါးထဲပါလို့ ရေဘာညာ သေချာပေးနိုင်ရင် ထွက်နိုင်တာပေါ့။ အဲဒါကြီးကို ကိုယ့်ရှုူးကိုယ်ပတ် ပြန်လည်နေတာပဲလေ။ ပေးထားတာကလည်း စိုက်ပျိုးရေးက ညွှန်ချုပ်ကို ဒုဝန်ကြီးပေးထားတာပဲ ရှင်းကြပေတော့ပေါ့။”
ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားရာမှာ အဓိကစားသုံးသီးနှံဖြစ်တဲ့ စပါးလည်း ပါဝင်နေပြီး ခေတ်အဆက်ဆက်က ဆန်စပါးဖူလုံဖို့ မူဝါဒနဲ့ အထွက်ကောင်းမျိုးတွေကို ရှာဖွေစိုက်ပျိုးခဲ့ပေမဲ့လည်း စပါးတသီးတည်းအတွက် ပန်းတိုင်အထွက်နှုန်းဖြစ်တဲ့ မိုးစပါး တဧက တင်း ၁၀၀၊ နွေစပါးတဧက တင်း ၁၁၀ ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ထွက်ရှိအောင် ဆောင်ရွက်နိုင်တာ မရှိပါဘူး။
“အခုက ပန်းတိုင်အထွက်နှုန်း ဆိုတာကလည်း အခုဟာက တောင်သူတွေက သဘာဝပံ့ပိုးပစ္စည်းတွေ မဝယ်နိုင်ဘူး၊ မြေဩဇာလည်း မဝယ်နိုင်ဘူး၊ မျိုးသန့်လည်း မသုံးနိုင်ဘူး။ အဲလိုမျိုးလေးတွေ ဖြစ်လာတဲ့ အားနည်းချက်လေးတွေ။ အဲဒါကြောင့် မျိုးဆိုလည်း အပြည့်အဝ မသုံးနိုင်ကြသေးဘူး။ တပြည်လုံး အတိုင်းအတာနဲ့ တွက်မယ်ဆိုရင် လုံးဝ လိုချင်တဲ့တားဂတ် မရောက်နိုင်ဘူးပေါ့။ မြေဩဇာကလည်း တအိတ်ကို နှစ်သိန်းဝန်းကျင်လောက် ဖြစ်နေတော့ ဒီလိုပံ့ပိုးမှုတွေကို မသုံးနိုင်ရင်လည်း မလွယ်ဘူးလေ။ မြေယာပြုပြင်ရေးမှာ ဆီကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ ဆီဈေးကတက်၊ စက်တွေကလည်း အပြည့်အဝ နေရာတိုင်းကို မပေးနိုင်ဘူးလေ။ နေရာတိုင်းမှာလည်း မလုပ်နိုင်ဘူးဆိုတော့ လမ်းပန်းအခက်အခဲတွေနဲ့ သွားရေးလာရေးနဲ့ ဆီမရှိတာနဲ့ တောင်သူဘက်ကလည်း နည်းနည်း ကြည့်ရတာ တော်တော်လေးကို အခက်အခဲတွေ တွေ့နေရတာပေါ့။”
နိုင်ငံတဝန်း စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြန်မာ့သီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှာ အဓိကကျတဲ့ သွင်းအားစုဖြစ်တဲ့ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်မှုကစပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး ရှာပေးနေတဲ့ စပါးဟာလည်း မူလသုံးစွဲနိုင်တဲ့ ပမာဏဖြစ်တဲ့ ၁၅ ရာခိုင်နှုန်းထက် လျော့ကျနေပါတယ်။
အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရှာပေးနေတဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံကလည်း အညာဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တောင်သူတွေ ကောင်းကောင်း မစိုက်ပျိုးနိုင်တာနဲ့ မျိုးကောင်းမျိုးသန့် မရလို့ အထွက်နှုန်းတွေ ကျဆင်းနေတာ ဖြစ်ပါတယ်။
လပွတ္တာမြို့က စပါးစိုက်တောင်သူကတော့ အဆင့်မြင့်လယ်ယာတွေ မဖော်ထုတ်နိုင်တာ ဆည်တာတဘောင်တွေ မလုံတာကြောင့် ရေငန်ဝင်ရောက်မှုက စပါးမျိုးတမျိုးရဲ့ အမြင့်ဆုံး အထွက်နှုန်းရဖို့ ထိခိုက်စေတယ်လို့ ဆိုပါတယ်။
“လယ်ယာမြေ မပြုပြင်နိုင်ဘူး။ ဟုတ်တယ်။ အဲဒါတွေက အဓိကကျတာ။ ဘာမှ ရေကို လိုသလို လုပ်လို့မရဘူးလေ။ နောက်ပြီးတော့ ဆည်ကရှိတဲ့တာတွေကလည်း မလုံဘူး။ အခုဆို ရေငန်တွေဝင်တယ်။ မိုးတွင်းဆိုရင် ရေမလျှော့နိုင်လို့ ရေမြုပ် သေကုန်တယ်။ အဲ့အခက်အခဲတွေ ရှိတာပေါ့။ အဲဒါကြောင့် စပါးအထွက်နှုန်းတွေလည်း ကျတယ်။ ဘာလို့ဆို ရေကို လိုသလိုလုပ်လို့ မရဘူးလေ။ ရာသီဥတုက ရွာချင်လည်းရွာမယ်၊ ဒီတမံတွေကနေ ဒီရေတွေကို နိုင်အောင် အရင်ကလိုပေါ့၊ ၈၅၊ ၈၆ လောက်က ရေလွှဲကြီးတွေကလည်း ကောင်းနေတယ်။ ရေကို လိုသလိုလုပ်လို့ရတဲ့ အချိန်ကတော့ တအားထွက်တယ်။ အခုနောက်ပိုင်းကျတော့ အခုလိုမလုပ်နိုင်တော့ ရေမြုပ်တာတွေလည်း ရှိသလို ရေမြုပ်သေကုန်တာလည်း ရှိတယ်။ အဲ့အခါကျတော့ မညီညာဘူး။ အဲဒါတွေ အခက်အခဲတွေလည်း ရှိပါတယ်။”
လတ်တလော စက်သုံးဆီအကျပ်အတည်းနဲ့ စစ်ပွဲတွေကြောင့် စပါးအပါအဝင် တခြားသီးနှံတွေပါ ထိခိုက်လာပြီး အထွက်နှုန်း အပြည့်ရဖို့ထက် ဧကကုန်စိုက်ပျိုးနိုင်ဖို့ တောင်သူတွေမှာ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒီအခက်အခဲတွေကို လက်တွေ့ကျကျ မဖြေရှင်းနိုင်ဘဲ အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ပြီး ပြောဆိုလာတဲ့အပေါ် စိုက်ပျိုးရေးပညာရှင်တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။
ဟန်န











