ရုရှားနဲ့ ယူကရိန်းတို့ ပူးတွဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတာဝန်တခု ပြီးဆုံးပြီးတဲ့နောက် ခါဆွန်ဒေသက အိုလီရှ်ကီမြို့မှာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတာဝန်တွေကို ပုံမှန်စီစဉ်ဖို့ သဘောတူခဲ့တယ်လို့ ရုရှား လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ယာနာ လန်ထရာတိုဗာက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။
ဒီမစ်ရှင်ဟာ လပေါင်းများစွာ ညှိနှိုင်းပြီး အကူအညီလိုအပ်နေတဲ့ ဒေသခံတွေကို ကူညီဖို့ ပူးတွဲကြိုးပမ်းချက်တွေရဲ့ ရလဒ်ဖြစ်တယ်လို့ လန်ထရာတိုဗာက ပြောရင်း လူမှုမီဒီယာပို့စ်တခုမှာ ဒေသခံတွေဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေတဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။
မစ်ရှင်ပြီးစီးသွားပေမဲ့ အိုလီရှ်ကီမြို့က နေထိုင်မှုအခြေအနေတွေက အလွန်ခက်ခဲနေတုန်းပဲလို့ သူက ပြောခဲ့ပြီး ပုံမှန် လူသားချင်းစာနာထောက်ထားမှု မစ်ရှင်တွေအတွက် အစီအစဉ်တွေကို “အရေးကြီးတဲ့ ခြေလှမ်းတခု” လို့လည်း ခေါ်ဆိုခဲ့ပါတယ်။
ယူကရိန်း လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကော်မရှင်နာ ဒီမီထရို လူဘီနက်စ်နဲ့အတူ အကူအညီပေးဖို့ ဆက်ပြီး ပူးတွဲကြိုးပမ်းသွားမယ်လို့ လန်ထရာတိုဗာက ပြောခဲ့ပါတယ်။
“နေဖို့ရွေးထားတဲ့ ဒေသခံတွေကို ထောက်ပံ့ဖို့ ကျမတို့ အစွမ်းကုန်ကြိုးစားပါ့မယ်” လို့လည်း သူက ပြောပါတယ်။
ညီးပါးမြစ်ရဲ့ ဘယ်ဘက်ကမ်းမှာရှိတဲ့ အိုလီရှ်ကီမြို့ဟာ အဆက်မပြတ်တဲ့ တိုက်ပွဲတွေကြားမှာ အစားအစာ၊ ဆေးဝါးနဲ့ တခြား အရေးကြီး ထောက်ပံ့ရေးပစ္စည်းတွေ ပြတ်လပ်နေလို့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
အောက်တိုဘာ ၂၃ ရက်မှာ ရုရှားနဲ့ ယူကရိန်းတို့ဟာ အကူအညီတွေ ပို့ဖို့နဲ့ အရပ်သားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့မှာ လွယ်ကူချောမွေ့စေဖို့ ဒီဒေသမှာ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါတယ်။
အပစ်အခတ်ရပ်စဲမှုက တနင်္ဂနွေနေ့ မော်စကိုစံတော်ချိန် ည ၁၀ နာရီ ၅၉ မိနစ်အထိ အကျုံးဝင်နေဖို့ စီစဉ်ထားပါတယ်။
Source: Reuters











