DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဘုတလင်၊ ငပယင်းရွာ ဆေးပေးခန်း ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၇ ဦးထိရှိ၊ ၁၅ ဦး ဒဏ်ရာရ
DVB
·
March 31, 2026
ဘုတလင်၊ ငပယင်းရွာ ဆေးပေးခန်း ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၇ ဦးထိရှိ၊ ၁၅ ဦး ဒဏ်ရာရ
1 / 3
စစ်တပ် ဗုံးကြဲတိုက်ခိုက်သည့် ငပယင်းရွာ ဆေးပေးခန်း။ (Photo: ဒေသခံ)
Donate to DVB

စစ်ကောင်စီတပ် ထိပ်ပိုင်းခေါင်းဆောင်တွေ ရာထူးအပြောင်းအလဲ လုပ်တဲ့နေ့မှာပဲ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊  ဘုတလင်မြို့နယ်က ငပယင်းရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူ  ၇  ယောက်အထိ ရှိလာပြီး ၁၅ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ငပယင်းကျေးရွာ ဆေးပေးခန်းကို မတ် ၃၀ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးခန်းမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၄၀ ကနေ ၅၀ ကြား လူနာအမျိုးသား တယောက်နဲ့ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပြီး မတ် ၃၁ ရက် မနက်ပိုင်းမှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက် ထပ်မံသေဆုံးသွားခဲ့ပါတယ်။

မတ် ၃၁ ရက် မွန်းလွဲပိုင်းမှာတော့ မွေးကင်းစကလေးအလောင်း တလောင်းနဲ့ အမျိုးသမီး ရုပ်အလောင်းတလောင်း ထပ်မံတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ ၁၅ ယောက်ဝန်းကျင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေ ပါတဲ့အတွက် သူတို့ရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးပြီးချင်း ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ကယ်ဆယ်ခဲ့ရတဲ့ အခြေအနေကို ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဒေသခံတ‌ယောက်က ပြောပြပါတယ်။

“ကျနော်က ဒီလူနာတွေကို ကားတွေခေါ်ပြီးတော့ ကားတွေပေါ်တင်ပြီးတော့ လူနာတွေကို ပို့ခိုင်းတာ၊ ကျနော်က ဆေးခန်းဘေးမှာပဲ ရှိတာလေ။ ကျနော်တို့ဆေးခန်းက ထန်းရွက်မိုးနဲ့ ကပ်ကာတာဆိုတော့လေ အဆောက်အအုံကတော့ မီးမလောင်ဘူးပေါ့ဗျာ။ အဆောက်အအုံကတော့ မီးမလောင်ဘူး။ တခြားနေရာတွေ တခြားနေရာတွေ တောမီးတွေ လောင်တာ။ ဖြစ်တာက သူတို့ ဆေးရုံထဲမှာပဲ လူနာတွေ ခုတင်ပေါ်ကနေပဲ ရော့ကတ်နဲ့ ဆွဲသွားတော့ မှန်ပြီးတော့ လူနာတွေ ခုတင်ဘေးမှာပဲ ခွေခွေကြီးတွေ သေနေတာပဲ တွေ့ခဲ့ရတယ်လေ။ အမျိုးသမီးတယောက်ကတော့ ဆေးရုံနဲ့ ပေ ၅၀ လောက်အကွာမှာ သွားရင်းလာရင်းနဲ့ လေယာဉ်နဲ့ လာပစ်ခံရတာပေါ့နော်။”

သေဆုံးသူတွေကိုတော့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ လုံခြုံရေးအခြေအနေကြောင့် နီးစပ်ရာမြို့နယ်တွေကို သွားရောက်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ် မြောက်ဘက်က ငပယင်းကျေးရွာ ဆေးပေးခန်းကို ဖွင့်ထားတာ ၂ နှစ် ဝန်းကျင်ရှိပြီး ဘုတလင်နဲ့ ဒီပဲယင်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ အဓိကအားထားရတဲ့ ဆေးခန်း ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု လုပ်တဲ့အချိန် ဆေးခန်းအတွင်းမှာ လူနာ အယောက် ၅၀ ဝန်းကျင်လောက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပထမဆုံးတက်လာတဲ့ လေယာဉ်က ဆေးခန်းကို ပထမအကြိမ် ဗုံးကြဲချပြီးနောက် ဆေးခန်းထဲက လူနာတွေကို အရေးပေါ် နေရာရွှေ့ပြောင်းပြီးချိန်မှာ ထပ်မံ ဗုံးကြဲခံခဲ့ရတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းနဲ့ ပြည်သူ့နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး လူနာတွေရဲ့ ဆိုင်ကယ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “ကျနော်တို့ရွာ အနီးအနားက ဆေးခန်းပေါ့နော်၊ ဆေးခန်းတခုကို လေယာဉ်နဲ့ လာပစ်တာပေါ့။ လေကြောင်းတိုက်ခိုက်မှု လာလုပ်တာပေါ့။ အဲ့အပြင်ကို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီမှာ လူနာတွေရော ဘာတွေရော ရှိတာဆိုတော့ ကျနော်တို့ ပထမဦးဆုံး တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ဒါ လူနာတွေရော ဘာတွေကို ကယ်ထုတ်လိုက်နိုင်ခဲ့တယ်ပေါ့နော်။ လေယာဉ်ကတော့ ၄ စီးလောက် ရှိပါတယ်ဗျ။ အကြိမ်ရေအားဖြင့် ၇ ကြိမ်နဲ့ စက်လတ် လေကြောင်းရော ဆွဲသွားတာတွေ ရှိတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ အိမ်ခြေဆုံးရှုံးတာလည်း ရှိတယ်၊ ခေတ်မီပစ္စည်းတွေလည်း ရှိတာပေါ့နော်၊ ဆေးပေးခန်းမှာ လာတဲ့ ဆိုင်ကယ်တွေရော၊ အဲဒါတွေရော ဆုံးရှုံးတာတွေ ရှိပါတယ်ဗျ” လို့ ပြောပါတယ်။

ဘုတလင်၊ ငပယင်းကျေးရွာ ဆေးပေးခန်းကို ဗုံးကြဲတဲ့ မတ် ၃၀ ရက်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံကို လွှဲပေးတဲ့ အခမ်းအနား ကျင်းပခဲ့တဲ့နေ့ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013