
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသားနဲ့ ဆရာ ၁၀ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
ဇွန် ၂၉ ရက် မနက်ပိုင်းက လာဆာမြို့က အစိုးရအထက်တန်းကျောင်းထဲကို လက်နက်ကိုင်တွေ အတင်းဝင်ရောက်လာပြီး စာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေကို ပြန်ပေးဆွဲသွားတာဖြစ်ပါတယ်။
တာဝန်ကျစစ်တပ်ဟာ တိုက်ခိုက်သူတွေနောက်ကို လိုက်လံပိတ်ဆို့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျောင်းသားနဲ့ ဆရာ ၁၀ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
ပစ်ခတ်မှုအတွင်း စစ်သားတယောက်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ကျောင်းသားတွေကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာကို တာဝန်ရှိသူတွေက အတည်ပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။
၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ကျောင်းသားတွေ နိုင်ငံတော်အဆင့် စာမေးပွဲဖြေဆိုနေကြတဲ့ လာဆာမြို့က အစိုးရအထက်တန်းကျောင်းထဲကို မနက်ပိုင်းမှာ တိုက်ခိုက်သူတွေ ဇွတ်ဝင်ရောက်လာကာ သေနတ် တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြတာဖြစ်ပြီး ဒါဟာ လုံခြုံရေး အားနည်းတဲ့ အဲဒီဒေသမှာ နောက်ထပ် ဖြစ်ပွားခဲ့တဲ့ လူအုပ်စုလိုက် ပြန်ပေးဆွဲမှုတခုပဲ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်နဲ့ အစ္စလာမ္မစ်နိုင်ငံတော် အနောက်အာဖရိကပြည်နယ် (ISWAP) အဖွဲ့တို့ ၁၅ နှစ်ကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့နေတဲ့ အရှေ့မြောက်ပိုင်းမှာ ဂျီဟတ် အကြမ်းဖက် စစ်ပွဲအပြင် အဲဒီထက်များစွာ ကျော်လွန်နေတဲ့ လုံခြုံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။
Source: Reuters











