
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စက်တင်ဘာ ၁၅ ရက်မှာ ထပ်ပြော လာပါတယ်။
ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ လျော့ကျစေဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေး အလေးထားဆောင်ရွက်ဖို့ လိုတယ်လို့ NLD ရဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။
အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်သည်သာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ အခြေခံတွေ ဖန်တီးပေးနိုင်မယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးစဉ်မှာ ပြည်သူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ အခက်အခဲတွေနဲ့ အနစ်နာခံမှုတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီး ဒီခရီးစဉ်တလျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို အခြေခံပြီး ဒီမိုကရေစီအပေါ် ယုံကြည်ချက်နဲ့အတူ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် တစိုက်မတ်မတ် ရပ်တည်ကြိုးပမ်းခဲ့သူ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။











