
ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်ထဲက အင်းတော်ကြီးအိုင် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဒေသတွေမှာ စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ KPDF၊ PDF တွေကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
မြေပြင် နှစ်ဖက်တိုက်ပွဲတွေ ငြိမ်နေတာ တပတ်ဝန်းရှိနေပေမဲ့ နှစ်ဖက် စစ်ဆိုင်ထားပြီး စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။
အင်းတော်ကြီးဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က “ခုလောလောဆယ်တော့ ငြိမ်နေတယ်ရှင့်၊ ဟိုဘက်ကလည်း စမလာဘူး ဒီဘက်ကလည်း မစသေးဘူး၊ လောလောဆယ်တော့ ဒရုန်းရယ်၊ လက်နက်ကြီးရယ်ပဲ၊ မြေပြင်မှာတော့ ဘာလှုပ်ရှားမှုမှမ ကြားရသေးဘူး” လို့ ပြောပါတယ်။
မတ်လလယ်လောက်က KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အင်းတော်ကြီးအိုင် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက SNA၊ ကောင်စီ ပူးပေါင်းတပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အနောက်ခြမ်းက တပ်စခန်းအကြီးဖြစ်တဲ့ လုံးတုံးတပ်စခန်း ကာကင်းတွေကို သိမ်းပိုက်ရရှိထားတာသလို အရှေ့ခြမ်းက ဟဲပါးအထိ သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။
အင်းတော်ကြီးအိုင် အရှေ့ခြမ်းက ကျေးရွာအများစုကလည်း လွန်ခဲ့တဲ့နှစ်တွေ နှစ်ဖက် တိုက်ပွဲတွေကြောင့် ပြည်သူ အများစုလည်း ထွက်ပြေးတိမ်းရှောင် နေထိုင်နေရပြီး စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ အင်းတော်ကြီး ဒေသက ဒေသခံတယောက်က ပြောပါတယ်။
“ဆနွင်းကုန်း၊ အင်းသာ၊ ဟဲပါး၊ ဟဲပုပေါ့။ စစ်ရှောင်နေကြတာတော့ အဲဒီလေးရွာက လူတွေ အဓိက ရှောင်နေကြပြီး တနှစ်နီးပါးလည်း ရှိနေတော့ နည်းနည်းတော့ စီးပွားရေးကျပ်တည်းမှုတွေ ရှိလာပြီပေါ့။ အဆင်မပြေတာတော့ အများကြီးပေါ့။ တောင်ယာ လုပ်ကိုင်စားတဲ့လူတွေက ခု ဘာမှ မလုပ်ကြရတော့လေ။”
အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာစာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြောင့် ကျောင်းတွေ ပိတ်ထားရပြီး ကျောင်းသူကျောင်းသားတွေလည်း စာသင်ကြားခွင့်တွေ ဆုံးရှုံးနေတယ်လို့ သိရပါတယ်။
အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။










