
ကလေး-တမူး ကားလမ်းပေါ်က ခါမ်းပါတ်မြို့ကို ပြန်သိမ်းဖို့ စစ်အာဏာရှင်တပ်က သူတို့ထိန်းချုပ်ထားတဲ့ ကလေးနဲ့ တမူးမြို့ နှစ်ဖက်စလုံးကနေ ဖိအားပေး တိုက်ခိုက်ဖို့ ကြိုးစားနေပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်ကို ဆက်သွယ်တဲ့ ကလေး-တမူး ကားလမ်းကို စစ်ရေးအခြေအနေကြောင့် ဇွန် ၈ ရက်ကစပြီး ယာယီပိတ်ထားခဲ့တာပါ။
စစ်အာဏာရှင်တပ်က စစ်ကိုင်း-ချင်း နယ်စပ်မှာ သူတို့ထိန်းချုပ်ထားတဲ့ ကလေးမြို့နဲ့ တမူးမြို့တွေဘက်ကနေ နှစ်ဖက်ပိတ်ပြီး ဂိတ်တွေကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။
ကလေး-တမူး လမ်းကြောအလယ်မှာရှိတဲ့ ခါမ်းပါတ်မြို့ အပါအဝင် PDF ထိန်းချုပ်နယ်မြေတွေကို ပြန်သိမ်းဖို့ စစ်အာဏာရှင်တပ်က ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တကျော့ပြန် တိုက်ပွဲတွေကြောင့် ကလေး-တမူး ကားလမ်းမပေါ်က ခါမ်းပါတ်မြို့ အပါအဝင် ကနန်၊ ဘုက္ကန်၊ နမွန်းထာ စတဲ့ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံပြည်သူတွေဟာ ကလေးမြို့နဲ့ အိန္ဒိယဘက်ခြမ်း နီးစပ်ရာဆီကို စစ်ဘေးရှောင်နေရပါတယ်။
ခါမ်းပါတ်ကနေ ရာဇဂြိုဟ်-ကလေးဘက်ကို အနည်းငယ်အသွားအလာလုပ်လို့ ရနေသေးပေမဲ့ တမူးဘက်ကိုတော့ သွားလာဖို့ အခြေအနေမပေးတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တမူး-ခါမ်းပါတ် ဒေသခံတယောက်က “လက်ရှိကတော့ ကလေး-ခါမ်းပါတ်ကတော့ ဆိုင်ကယ်လောက်တော့ အဆင်ပြေသလို ကြည့်ပြီးတော့ သွားခွင့်ရှိပါတယ်။ တမူး-ခါမ်းပါတ်ကတော့ မရှိသလောက်ပါပဲ။ စစ်ရေးအခြေအနေကတော့ ရာဇဂြိုဟ် အရှေ့ဘက်လမ်းကတော့ သူတို့ ဆက်ပြီးတော့ ရှေ့တော့မတိုးဘူး၊ ဒါပေမဲ့ သူတို့ဘက်က ၅၅ မိုင်အထိတော့ ရှေ့ကင်းပုန်းတွေ ထားပြီးတော့ လမ်းဘေးဝဲယာတွေကို ပစ်ခတ်မှုတွေရှိတယ်။ ရွာအနီးနားတွေကို လက်နက်ကြီးနဲ့ ပစ်တာတွေတော့ ဒီနေ့အချိန်အထိ ဆက်လက်ပြီးတော့ လုပ်ဆောင်နေတုန်းပဲ။ လက်ရှိ နေ့လယ်ပိုင်းမှာတော့ ရာဇဂြိုဟ် အနောက်ခုံရွာဘက်ကို ဦးတည်ပြီးတော့ ထိုးနေတာရယ်၊ နောက် အရှေ့ဘက်ကို တပ်ဖြန့်ထိုးတာရယ် နည်းနည်းထူးခြားမှုတော့ ရှိတယ်။ စစ်အင်အားတော့ ပိုတိုးလာတာ တွေ့ရတယ်။ ကလေးမြို့ပေါ်က ကားတွေ၊ ယာဉ်ငယ်တွေ၊ ကုန်ပစ္စည်းတွေကိုတော့ သယ်ယူခွင့် မပေးဘူး၊ သွားခွင့်တွေ ဘာတွေ ပိတ်ထားတယ်၊ တမူးဘက်ကတော့ မသိရဘူးပေါ့၊ ခါမ်းပါတ် အခြေအနေကတော့ အရင်လိုပဲ စည်ကားခြင်းတော့ မရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းမပေါ်က ခါမ်းပါတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့မှာ သိမ်းယူထားတာပါ။
စစ်အာဏာရှင်သမ္မတက ဇွန်လဆန်း အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေး ပုံမှန်အခြေအနေပြန်ဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ ကလေး-ခါမ်းပါတ်-တမူးလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ မြေပြင်စစ်ကြောင်း ပြင်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်အာဏာရှင်က ချင်းပြည်မြောက်ပိုင်း ဟားခါးဗျူဟာကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားနေသလို ချင်းပြည်တောင်ပိုင်း မတူပီဗျူဟာကိုတော့ မကွေးတိုင်း၊ ယောနယ်ဘက်ကနေ အင်အားဖြည့်တင်းခဲ့တာပါ။
ချင်းပြည်က စစ်ရေးအရှိန်ကို လျှော့နိုင်အောင် မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်နယ်တွေက ပျူစောထီးရွာတွေနဲ့ ရဲစခန်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဇွန်လဆန်းကစပြီး ဆက်တိုက် သိမ်းယူခဲ့ပါတယ်။
အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်ဇင်က “ကျနော်တို့ဒေသရော၊ ဒေသကို ကျော်လွန်ပြီးတော့ရောပေ့ါလေ၊ တော်လှန်ရေးမှာ အကောင်းဆုံးပုံစံနဲ့ ညီညီညွတ်ညွတ်နဲ့ ဆက်သွားနေပါတယ်လို့၊ မြစ်ခြေမှာတော့ မေလ ၁၀ ရက်ကနေ ဇွန် ၁ ရက်နေ့အထိ ပြည်သူပေါင်း ၅၀ လောက် သတ်ဖြတ်ခဲ့ပြီးတော့ မြစ်ခြေမြို့ အပါအဝင် ဘုန်းကြီးကျောင်းတွေ အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်း အိမ်ခြေ ၁,၀၀၀ ကျော်ခန့်ကို မီးရှို့ခဲ့တယ်ပေါ့လေ။ တခါ အဲဒါနဲ့ဆက်တိုက်ပဲ မြစ်ခြေမြို့မရဲစခန်းကို တော်လှန်ရေးဘက်က သိမ်းပိုက်တယ်ပေါ့။ အခုတော့ သူတို့ တန်ပြန်တဲ့အနေနဲ့ စစ်ကြောင်းတွေ မြစ်ခြေဘက်ကို ပြန်ပြီး ဦးလှည့်နေတယ်ဆိုတာ သိရတယ်။ မြစ်ခြေမြို့ပေါ်အထိတော့ စစ်ကြောင်းတွေ ပြန်ရောက်မလာသေးဘူး၊ နောက်ဆုံးအခြေအနေပေါ့” လို့ ပြောပါတယ်။
ကလေး-တမူးလမ်းပိုင်းဟာ သတ်မှတ်ချက်အားဖြင့် စစ်ကိုင်းတိုင်းအပိုင်ထဲမှာ ရှိနေပေမဲ့ ချင်းတိုင်းရင်းသား အများအပြားနေထိုင်တဲ့ ဒေသဖြစ်ပါတယ်။
အိန္ဒိယ-စစ်ကိုင်း-ချင်း နယ်စပ်တလျှောက် စစ်ရေးမှာ ဒေသတွင်း ကာကွယ်ရေးအဖွဲ့အားလုံး ပူးပေါင်းခုခံနေရတာဖြစ်ပြီး အပြန်အလှန် အကျိုးပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ကြားကာလ ချင်းအမျိုးသားကောင်စီနဲ့ ချင်းညီနောင် ဘဏ္ဏာငွေရှာဖွေရေးကော်မတီ တာဝန်ရှိသူ ဒေါင်ခုပ်က ပြောပါတယ်။
“မြေပြန့်က PDF တွေ တော်တော်များများ ပြန်လှုပ်ရှားလာတာ တွေ့ရတော့ တော်တော်လေး ဝမ်းသာတာပေါ့နော်။ အဲဒီအရှိန်ကလည်း ကျနော်တို့ တောင်ပေါ်ဘက်ကို တက်လာတဲ့အရှိန်က နည်းနည်းကျသွားတဲ့သဘော ရှိတယ်။ CB ဘက်ကလည်း စိတ်အားခွန်အားတွေ တက်လာတဲ့ အနေအထား အများကြီးတွေ့ရတယ်။ မြေပြန့်က ထိုးစစ်ကို သူတို့ရပ်တန့်နိုင်တဲ့ အနေအထားတွေရှိတော့ ဒီဘက်မှာလည်း တန့်သွားတဲ့ အနေအထားတွေ အများကြီးတွေ့ရတယ်။ အားလုံးကတော့ အပြန်အလှန် အကျိုးပြုတယ်လို့ ခေါ်ရမယ်။ ဝိုင်းဝန်းပြီးမှ တတ်နိုင်သလောက် ဟန့်တားနိုင်ကြပါစေ၊ တိုက်နိုင်ကြပါစေလို့ အမြဲတမ်း ဆုတောင်းပါတယ်။”
အိန္ဒိယ-ချင်း-စစ်ကိုင်းနယ်စပ်မှာ စစ်ရှောင်ပြည်သူ ၅ သောင်းကျော်ရှိနေပြီး မိုးတွင်းကာလအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
မီဇိုရမ်နဲ့ မဏိပူပြည်နယ်မှာ စစ်ဘေးရှောင် အများဆုံး ခိုလှုံနေရပြီး လုပ်ကိုင်စားသောက်လို့ မရတဲ့အတွက် အလှူရှင်ရှိမှ နေရေး၊ စားရေး အဆင်ပြေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တကျော့ပြန်စစ်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ ထပ်တိုးလာတာကို အိန္ဒိယဘက်ခြမ်းက လက်ခံဖို့ အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမဲ့ ပြည်သူတွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် လတ်တလောမှာ ပြန်လက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုတချမ်းသာ










