
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ထောက်ပံ့ဆက်သွယ်ရေး အခက်အခဲကြောင့် ကွန်ဒုံးဈေးနှုန်း ၂၀ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်း တက်မယ်လို့ ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးထုတ်လုပ်သူ မလေးရှားကုမ္ပဏီ ခဲရက်အကြီးအကဲက ပြောပါတယ်။
ကုန်ပို့ဆောင်မှုစရိတ် တိုးမြင့်လာမှုနဲ့ သင်္ဘောနဲ့ပို့ဆောင်မှု နောက်ကျမှုတွေနဲ့အတူ ကွန်ဒုံး ဖြန့်ချိမှု ပုံမှန်ထက် နည်းပါးပြီး ဈေးကွက်လိုအပ်ချက် ပိုများလာတာ ဖြစ်ပါတယ်။
ခဲရက်စီအီးအို ဂေါ်မီအာခီးက “ဒီအခြေအနေက ဈေးနှုန်းတွေကြီးလာပြီး မတည်ငြိမ်မှုတွေ ဖြစ်နေပါတယ်။ ကျနော်တို့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ ဒါပေမဲ့ သုံးစွဲသူတွေဆီကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ အရောက်ပို့ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
ခဲရက်လုပ်ငန်းဟာ နှစ်စဉ် ကွန်ဒုံး ၅ ဘီလီယံကျော် ထုတ်လုပ်ပြီး ထိပ်တန်းအမှတ်တံဆိပ်တွေ ဖြစ်တဲ့ Durex နဲ့ Trojan ရဲ့ အဓိက ပစ္စည်းပံ့ပိုးပေးတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ခဲရက်လုပ်ငန်းဟာ ဗြိတိန်ရဲ့ NHS နဲ့ ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ UN ရဲ့ ကျန်းမာရေးအစီအစဉ်တွေမှာလည်း အဓိက ပံ့ပိုးပေးနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။
အီရန်စစ်ပွဲ စတင်ချိန်ကတည်းက ကွန်ဒုံးပြုလုပ်ရာမှာ ပါဝင်တဲ့ ရာဘာတုနဲ့ နိုက်ထရိုတို့ ဈေးတက်ခဲ့သလို ထုတ်ပိုးမှုပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေ ဈေးတက်တယ်လို့လည်း ဂေါ်က ထပ်မံပြောပါတယ်။
အီရန်စစ်ပွဲကြောင့် ရေနံတင်ပို့မှုတွေ မတည်မငြိမ်ဖြစ်ပြီး ရေနံထွက်ပစ္စည်းနဲ့ပြုလုပ်တဲ့ ပစ္စည်းတွေလည်း ထိခိုက်လာပါတယ်။
အဲဒီအထဲမှာ ဆေးရုံသုံး လက်အိတ်ပြုလုပ်သူတွေ၊ ပုလင်းဖုံးပြုလုပ်သူတွေနဲ့အတူ ကွန်ဒုံးပြုလုပ်သူတွေလည်း ပါဝင်လာပါတယ်။











