
မတရားဖမ်းဆီးမှုတွေနဲ့ ပေါ်တာဆွဲမှုတွေကြောင့် မလုံခြုံမှုတွေ ရင်ဆိုင်နေရတဲ့ လူငယ်တွေကို အပျော်အပါးတွေ လျှော့ကြဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သူ့ရဲ့ သမ္မတသက်တမ်း ရက် ၁၀၀ ပြည့် အထိမ်းအမှတ်နဲ့ မိန့်ခွန်းပြောအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ် စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောကြား လိုက်တာပါ။
“ပညာတတ်တွေဖြစ်အာင် လုပ်ကြဖို့လိုတယ်။ စည်းကမ်းနဲ့ပတ်သက်ပြီး သိရှိအောင် လုပ်ကြဖို့ လိုတယ်။ နောက် ကြိုးစားအားထုတ်ကြဖို့လည်း လိုတယ်။ နောက်တခုကတော့ အပျော်အပါးတွေ လျှော့စေချင်တယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ လူငယ်တွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် လူငယ်တွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် တရားမဝင် ပြဋ္ဌာန်း အကောင်အထည်ဖော်ထားတဲ့ စစ်မှုထမ်းဥပဒေကြောင့် လက်ရှိ အချိန်ထိ လူငယ်တွေဟာ မတရားဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေနဲ့ အဓမ္မ စစ်သားသစ် စုဆောင်းခံရတာတွေ ရှိနေခဲ့တာပါ။
အဲဒီလို မတရားဖမ်းဆီးမှုတွေကြောင့်ပဲ လူငယ်တွေဟာ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်ကိုင် နေကြရတဲ့အပြင် ပြည်တွင်းမှာလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
ဒါ့အပြင် အဲဒီလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ လူငယ်တွေကို ပညာရေး အားနည်းတယ် ဆိုပြီးတော့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတင်းမီဒီယာတွေရှေ့မှာ ပြစ်တင် ပြောဆို သွားပါသေးတယ်။
“ကြိုးစားကြဖို့ လိုတယ်၊ ခုန ကျနော် သုံးသပ်သွားပါတယ်၊ လူငယ်တွေ ပညာရေးမှာ အားနည်းချက် တွေ ရှိတယ်။”
လက်ရှိမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ကတိကဝတ်ပြုထားတဲ့ ရက် ၁၀၀ စီမံချက်တွေ ထဲမှာ ပြည်သူလူထုအတွက် တိုးတက်ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်တာကို မတွေ့ရသေးတဲ့အပြင် လူငယ်အမြောက်အမြားဟာလည်း စာသင်ခန်းတွေကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။










