
အမေရိကန်ပြည်ထောင်စုက အီရန်ရဲ့ ကုန်သွယ်ရေးမိတ်ဖက်တွေကို ပစ်မှတ်ထားတဲ့ အကြီးဆုံး ဘဏ္ဍာရေးထိုးစစ်ကို စဖို့ ပြင်ဆင်နေချိန်မှာ ပါကစ္စတန် တပ်မတော်အကြီးအကဲက သြဂုတ် ၂၄ ရက်မှာ ကြားဝင်ညှိနှိုင်းရေး လုပ်ငန်းတာဝန်အတွက် အီရန်မြို့တော် တီဟီရန်ဆီ သွားခဲ့ပါတယ်။
အီရန်က အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို ပယ်ချခဲ့ပြီး စီးပွားရေးစစ်ပွဲ ဆက်ဖြစ်ရင် ပင်လယ်ကွေ့ ကနေ ရေနံတင်ပို့မှုအားလုံးကို ရပ်ဆိုင်းမယ်လို့ ကတိပြုခဲ့ပါတယ်။
သင်္ဘောတွေဟာ ခွင့်ပြုချက်မရှိဘဲ ဟော်မုဇ်ရေလက်ကြားကို မဖြတ်ဖို့ အီရန်အစိုးရက သတိပေးချက်အသစ် ထုတ်ပြန်ခဲ့ပြီး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သင်္ဘော ၄၅ စင်းကို စာရင်းပြုစုရင်း သင်္ဘောအချင်းချင်း ကုန်စည်လွှဲပြောင်းမှုတွေအတွက် လက်စားချေမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေးနောက်ပိုင်း ဆက်တိုက်နီးပါး စီးပွားရေး ပိတ်ဆို့မှုတွေကို ခံခဲ့ရတဲ့ အီရန်အပေါ် ပြင်းထန်တဲ့ အစီအမံတွေကို ထုတ်ပြောမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့တ် ဘက်ဆန့်က တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မိုးသောက်ချိန်မှာ ရန်သူကို တိုက်ခိုက်ခဲ့တဲ့ အကြီးမားဆုံးသော ဘဏ္ဍာရေးထိုးစစ်ဖြစ်သည့် D-Day စီးပွားရေးနေ့စပြီလို့ ဘက်ဆန့်က သြဂုတ် ၂၃ ရက်မှာ Financial Times သတင်းစာက ထုတ်ဝေခဲ့တဲ့ ထင်မြင်ချက် ဆောင်းပါးတပုဒ်မှာ ရေးပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေး တည်ဆောက်ထားတဲ့ ပါကစ္စတန်စစ်တပ် အကြီးအကဲ အာဆင်မ် မူနီယာက ဆွေးနွေးဖို့ အီရန်ကို တနင်္လာနေ့မှာ ရောက်လာတယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
ပါကစ္စတန်က ဒီခရီးစဉ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့ ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ပြောခဲ့ပြီး မူနီယာက အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင်နဲ့ နီးစပ်သူတွေနဲ့ တွေ့ဖို့ မျှော်လင့်ထားတယ်လို့ ပါကစ္စတန် သတင်းရင်းမြစ်တခုက ပြောပါတယ်။
Source:Reuters











