
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်ပေါင်း ၂၀၂ မြို့နယ်က ရပ်ကွက် ၁၆၁ ခုနဲ့ ကျေးရွာအုပ်စု ၂,၇၇၀ ခုမှာ ရွေးကောက်ပွဲ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဟာ ယခင်ကတည်းက မြို့နယ် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာထားပြီး ဖြစ်ပါတယ်။ ယခုတခေါက်မှာတော့ ကျင်းပမယ့် မြို့နယ်တွေထဲက နေရာတော်တော်များများမှာပါ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ထပ်ပြီး ထုတ်ပြန်တာပါ။
ဒါ့ကြောင့် ရွေးကောက်ပွဲ အပိုင်း ၂ ခုလုံးမှာ မြို့နယ်လုံးကျွတ်ကျင်းပနိုင်တဲ့ မြို့နယ်က ၉၉ မြို့နယ်သာရှိပြီး နေရာကွက်ကြား ကျင်းပမယ့်မြို့နယ်က ၉၃ မြို့နယ်နဲ့ မြို့ပေါ်တဝိုက်မှာသာ ကျင်းပနိုင်တဲ့ မြို့နယ်က ၁၀ မြို့နယ်သာ ရှိတော့တာကို တွေ့ရပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်နဲ့ အပိုင်း ၂ ကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ရွေးကောက်ပွဲ ကျင်းပဖို့ ကျန်တဲ့ မြို့နယ် ၇၂ မြို့နယ်ကိုတော့ အပိုင်း ၂ ကျင်းပပြီးနောက် နှစ်ပတ်အကြာမှာ ထပ်မံကျင်းပသွားမယ်လို့လည်း ဆိုထားပါတယ်။
ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အများယုံကြည်လက်ခံပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ထုတ်ပြောထားကြပါတယ်။










