DVB Logo
Home
ဆောင်းပါး
သောင်ရင်းမြစ်၊ အမှောင်ထုနဲ့ နှင်းစက်
DVB
·
October 3, 2026
သောင်ရင်းမြစ်၊ အမှောင်ထုနဲ့ နှင်းစက်
Donate to DVB

ကျမနာမည် နှင်းစက်ပါ။ အမျိုးသမီးသတင်းထောက်တယောက် ဖြစ်ပါတယ်။ အရင်ကသတင်းသမားဆိုတာ တီဗီဖန်သားပြင်ပေါ်မှာ သပ်သပ်ရပ်ရပ်နဲ့ သတင်းဖတ်ပြနေသူကိုပဲ ပြေးမြင်မိတာ။ သတင်းအလုပ်ရဲ့ နောက်ကွယ်မှာ ဘယ်လောက်ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ ဘယ်လောက်နက်ရှိုင်းတဲ့ စွန့်လွှတ်မှုတွေ ရှိနေသလဲဆိုတာကိုတော့ ကျမကိုယ်တိုင် စစ်ဘေးဒုက္ခကြား၊ သေနတ်သံနဲ့ ဗုံးသံတွေကြားထဲ ရောက်သွားတဲ့အခါမှ နားလည်လာခဲ့ရတာပါ။

ဒီနေ့ ကျမဟာ အိမ်နဲ့ဝေးနေခဲ့တာ နှစ်အတော်ကြာပါပြီ။ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့ဖူးတဲ့ နေရာကနေ စွန့်ခွာခဲ့ရတယ်။ အဲဒီလို စွန့်ခွာခဲ့ရခြင်းကပဲ ကျမဘဝကို သတင်းထောက်တယောက်အဖြစ် ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ကျမတို့မိသားစုရဲ့ ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတယ်။ မိသားစုဝင် ၃ ယောက်လုံးက နိုင်ငံရေးနဲ့ ပတ်သက်နေကြတာကြောင့် ကိုယ့်အိမ်၊ ကိုယ့်ရာမှာ အေးအေးဆေးဆေး နေလို့မရတော့ဘူး။

ဒီအိမ်ကနေ ဟိုအိမ်ပြောင်း၊ ဟိုအိမ်ကနေ ဒီအိမ်ပြောင်းနဲ့ ပုန်းရှောင်နေခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျမဟာ ကုမ္ပဏီတခုမှာ ငွေကြေးပိုင်းဆိုင်ရာ အလုပ်လုပ်နေခဲ့တာပါ။ ငွေစာရင်းတွေ၊ ဘဏ္ဍာရေးကိန်းဂဏန်းတွေနဲ့ပဲ ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းသွားမယ်လို့ ထင်ခဲ့တာ။

အခြေအနေတွေက တဖြည်းဖြည်း ပိုဆိုးလာခဲ့တယ်။ အမေနဲ့ အစ်ကိုဖြစ်သူက နယ်စပ်ဘက်ကို အရင်ပြောင်းသွားကြတယ်။ ကျမကတော့ ရန်ကုန်မှာ တနှစ်လောက် ဆက်နေသေးတယ်။ နောက်ဆုံး ၂၀၂၂ ခုနှစ်ရောက်တဲ့အခါ ရန်ကုန်မှာ ဆက်နေဖို့ မဖြစ်နိုင်တော့တာကြောင့် မိသားစုရှိရာ နယ်စပ်ဘက်ကို လိုက်လာခဲ့ရတယ်။ နယ်စပ်ကို ရောက်ပြီး မကြာခင်မှာပဲ သတင်းသင်တန်းတခုနဲ့ ကြုံခဲ့ပါတယ်။ စာရေးတာကို ငယ်ငယ်ကတည်းက ဝါသနာပါတဲ့ ကျမအတွက် အဲဒီသင်တန်းဟာ ဘဝရဲ့ အလှည့်အပြောင်းကြီးတခု ဖြစ်လာခဲ့တယ်။ အဲဒီကနေစပြီး ကျမဟာ အမျိုးသမီးတယောက်အနေနဲ့ “သတင်းထောက်” ဆိုတဲ့ နာမည်တခုကို ခံယူဖြစ်ခဲ့ပါတယ်။

အစပိုင်းမှာတော့ သတင်းထောက်အလုပ်ဆိုတာ ဘာလဲဆိုတာ ကျမ သေချာမသိခဲ့ပါဘူး။ ရုပ်သံလိုင်းတွေမှာ သတင်းတင်ဆက်သူတွေ သတင်းဖတ်ပြတာလောက်ပဲ သိထားခဲ့တာပါ။ သတင်းတပုဒ်ဖြစ်လာဖို့ သတင်းထောက်တွေ ဘယ်လိုသတင်းလိုက်ကြသလဲ၊ ဘယ်လို စုံစမ်းကြသလဲ၊ ဘယ်လိုအတည်ပြုကြသလဲဆိုတာ မသိခဲ့ပါဘူး။ ဒီအလုပ်ကို တကယ်လက်တွေ့ ဝင်လုပ်ကြည့်တဲ့အခါမှ သတင်းထောက်တယောက်ရဲ့ တန်ဖိုး၊ တာဝန်နဲ့ တာဝန်ခံမှုကို နက်နက်ရှိုင်းရှိုင်း သိလာခဲ့ရတယ်။

ကျမတို့ ရေးလိုက်တဲ့ စာလုံးတလုံးချင်းစီမှာ အဓိပ္ပါယ်ရှိပါတယ်။ သတင်းတပုဒ်၊ စာတကြောင်းဟာ ကိုယ့်ရဲ့ အသိုက်အဝန်းပေါ် ဘယ်လောက်အထိ ရိုက်ခတ်နိုင်သလဲဆိုတာ အချိန်ကြာလာတာနဲ့အမျှ ပိုသိလာရတယ်။

တခါတလေ ကိုယ်ရေးသားလိုက်တဲ့ သတင်းတပုဒ်ကြောင့် အမှားတခုကို အမှန်ပြင်ဆင်နိုင်တာမျိုး ရှိတယ်။ တခါတလေ ခက်ခဲဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ အသံဟာ သက်ဆိုင်ရာနေရာတွေဆီ ရောက်သွားပြီး အပြောင်းအလဲတခု ဖြစ်ပေါ်လာတာမျိုးလည်း ရှိတယ်။ အဲဒီလိုအချိန်တွေမှာ ဒီအလုပ်ကို ပိုတန်ဖိုးထားလာတယ်။ ပိုပြီးလည်း ချစ်လာမိတယ်။

ကျမသာ သတင်းထောက်မဖြစ်ခဲ့ဘူးဆိုရင် ဘဏ်တခုခုမှာဖြစ်ဖြစ်၊ အသေးစားချေးငွေ ကုမ္ပဏီတခုခုမှာဖြစ်ဖြစ် ငွေကြေးနဲ့ပတ်သက်တဲ့ အလုပ်တခုကိုပဲ ဆက်လုပ်နေဖြစ်မှာပါ။ ဒါပေမဲ့ အခုလို သတင်းထောက်တယောက် ဖြစ်လာခဲ့တဲ့အတွက် ကျမကိုယ်ကျမ အမြဲဂုဏ်ယူမိပါတယ်။ အန္တရာယ်များပါတယ်။ လူသိခံလို့မရဘူး။ သေနတ်ပြောင်းဝတွေကြားထဲမှာ အမြဲ ပုန်းကွယ်နေထိုင်ရတယ်။ ဒါပေမဲ့ ဒီအလုပ်ကို လုပ်ခဲ့ရတာအတွက်တော့ ကျမ နောင်တမရပါဘူး။ ကိုယ့်အသိုက်အဝန်းအတွက်ဖြစ်ဖြစ်၊ ကိုယ့်ကရင်လူမျိုးတွေအတွက်ဖြစ်ဖြစ် တစုံတရာ အထောက်အကူပြုနိုင်တယ်ဆိုတဲ့ အသိက ကျမကို ဆက်လျှောက်ဖို့ ခွန်အားပေးနေပါတယ်။ ပထမဆုံးရေးဖြစ်ခဲ့တဲ့သတင်းက သံတောင်ဘက်က တိုက်ပွဲသတင်းပါ။

အဲဒီတုန်းက အဓိကကြုံခဲ့ရတဲ့ အခက်အခဲကတော့ သတင်းရင်းမြစ် မရှိတာပါပဲ။ ကျမက ငွေကြေးနယ်ပယ်ကနေ ပြောင်းလာသူဖြစ်တာကြောင့် သတင်းနယ်ပယ်နဲ့ ပတ်သက်ပြီး နားမလည်တာတွေ အများကြီးရှိခဲ့ပါတယ်။

ဒေသတခုရဲ့ နောက်ခံအခြေအနေ၊ ဒေသခံတွေရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေတွေကို ကျမ မသိခဲ့ပါဘူး။ သတင်းရင်းမြစ်တွေကို ဘယ်လိုတည်ဆောက်ရမလဲ၊ ဒေသရဲ့ နောက်ခံသမိုင်းနဲ့ ဖြစ်ရပ်တွေကို ဘယ်လိုလေ့လာရမလဲ၊ အုပ်ချုပ်ရေးဘက်က သတင်းအချက်အလက်တွေကို ဘယ်လိုနားလည်ရမလဲဆိုတာတွေက ကျမအတွက် စိန်ခေါ်မှုကြီးတွေ ဖြစ်ခဲ့ပါတယ်။

သတင်းထောက်တယောက်အနေနဲ့ အခက်အခဲတွေကို ဖြတ်သန်းရင်း သတင်းဆိုတာ စာရေးနိုင်ရုံနဲ့ မပြီးဘူးဆိုတာ သိလာခဲ့ရတယ်။ လူတွေရဲ့ ဘဝနဲ့ နီးကပ်ဖို့လိုတယ်။ ဒေသကို နားလည်ဖို့လိုတယ်။ ကိုယ်ရေးမယ့်အကြောင်းအရာအပေါ် တာဝန်ယူဖို့လိုတယ်။

အဲဒီတာဝန်ဟာ စာရွက်ပေါ်မှာ ရေးထားတဲ့ စကားလုံးတွေနဲ့ပဲ မပြီးပါဘူး။ တခါတလေ သတင်းတပုဒ်ရဲ့ နောက်ကွယ်မှာ လူတယောက်ရဲ့ လုံခြုံရေး၊ မိသားစုတစုရဲ့ ဘဝနဲ့ အသိုက်အဝန်းတခုရဲ့ ယုံကြည်မှုတွေ ပါဝင်နေတတ်ပါတယ်။

နယ်စပ်မှာ နေထိုင်ရတဲ့ကာလတလျှောက် အခြေခံလိုအပ်ချက်တွေနဲ့တင် အကြီးအကျယ် ရုန်းကန်ခဲ့ရပါတယ်။ ဖုန်းလိုင်းမရတာ၊ အင်တာနက်လိုင်း ခက်ခဲတာ၊ လျှပ်စစ်မီး မရှိတာတွေဟာ နေ့စဉ်ကြုံရတဲ့ ပြဿနာတွေပါ။

လျှပ်စစ်မီးမရှိတဲ့အတွက် ဆိုလာပြားတွေကို အားကိုးသုံးစွဲရတယ်။ မိုးရွာတဲ့နေ့ဆိုရင် ဆိုလာကလည်း အလုပ်မလုပ်တော့ အလုပ်တွေ အကုန်ရပ်သွားတတ်တယ်။ သတင်းတပုဒ်ရေးဖို့၊ သတင်းပို့ဖို့ဆိုတာ အင်တာနက်နဲ့ လျှပ်စစ်မီးရှိရုံနဲ့ မပြီးသေးပါဘူး။ လုံခြုံရေးအခြေအနေ၊ ဆက်သွယ်ရေးအခြေအနေ၊ သတင်းရင်းမြစ်တွေရဲ့ လုံခြုံမှု အရာအားလုံးကို တပြိုင်နက်တည်း စဉ်းစားရပါတယ်။ အဆိုးရွားဆုံးကတော့ လုံခြုံရေးအခက်အခဲပါပဲ။ အရင်ကထက် လုံခြုံရေးအခြေအနေက ပိုပိုဆိုးလာပါတယ်။ အမြဲတမ်း စိုးရိမ်နေရတဲ့အခြေအနေမှာ နေထိုင်ကြရတယ်။ အိမ်တိုင်းလိုလိုမှာ ဗုံးခိုကျင်းတွေ အရန်သင့်တူးထားရတယ်။ တနေ့တာကိုလည်း စိုးတထိတ်ထိတ်နဲ့ ဖြတ်သန်းရတယ်။

ရန်ကုန်မှာ နေတုန်းကတော့ ကောင်းကင်မှာ လေယာဉ်ပျံသံကြားရင် လက်ပြဖို့ပဲ သိခဲ့တာပါ။ အခုတော့ ကောင်းကင်က လေယာဉ်သံတချက် ကြားလိုက်ရုံနဲ့ ကြောက်ရွံ့မှုက ခန္ဓာကိုယ်ထဲမှာ အလိုအလျောက် ဝင်ရောက်နေရာယူသွားသလိုပါပဲ။ 

လေကြောင်းတိုက်ခိုက်တာကို ကြုံရတဲ့  ညတညရှိခဲ့တယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီညနေ့က ကျမ အလုပ်ထဲမှာ ရှိနေခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တယောက်နဲ့အတူ အလုပ်လုပ်နေတုန်း ကောင်းကင်ပေါ်က လေယာဉ်သံကို ကြားလိုက်ရတယ်။

“ဝူး” ဆိုတဲ့ အသံဆိုးကြီး ထွက်လာပြီး ချက်ချင်းဆိုသလို ပေါက်ကွဲသံတွေ ဆက်တိုက်ကြားလိုက်ရတယ်။ စစ်ကောင်စီရဲ့ လေယာဉ်က ရွာပေါ်ကို ဝဲပြီး ဗုံးတွေကို တလုံးပြီးတလုံး ကြဲချနေတာ။ အဲဒီအချိန်မှာ မီးကိုတောင် မပိတ်နိုင်တော့ဘူး။ အထုပ်ကို အမြန်ဆွဲယူပြီး လှေဆိပ်ဘက်ကို ပြေးကြရပါတယ်။ ရွာကလူတွေအားလုံးလည်း ကယောင်ကတမ်းနဲ့ ကမ်းနားဘက်ကို ပြေးလာကြတယ်။ ထိုင်းဘက်က နယ်စပ်ဂိတ်ကို ပိတ်ထားတဲ့အတွက် ဟိုဘက်ကမ်းကို ချက်ချင်းကူးလို့ မရသေးဘူး။ အမှောင်ထုကြီးထဲမှာ လူတွေအားလုံး လှေဆိပ်မှာ စုမိကြပြီးမှ အိမ်မှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုနှစ်ယောက်ကို ပြန်ခေါ်ဖို့ သတိရတယ်။ ပြေးလွှားနေချိန် ဖိနပ်တဖက် ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး။ ခန္ဓာကိုယ်က ဘယ်ကို ပြေးနေသလဲဆိုတာထက် အသက်ရှင်ဖို့ပဲ ဦးစားပေးနေရတဲ့ အခြေအနေပါ။ နောက်ဆုံး ထိုင်းဘက်ခြမ်းက လှေဆိပ်ကို ဖွင့်ပေးလိုက်တဲ့အခါမှ ဒုက္ခသည်တွေအဖြစ်နဲ့ မြစ်ကို ဖြတ်ကူးလာခဲ့ကြရပါတယ်။

အဲဒီညမှာ ကျမတို့ စွန့်ခွာလာခဲ့တာက အိမ်တလုံးတည်း မဟုတ်ပါဘူး။ အမှတ်တရတွေ၊ ပိုင်ဆိုင်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ပုံမှန်ဖြစ်စဉ်တွေကိုပါ တပြိုင်နက်တည်း ချန်ထားခဲ့ရတာပါ။

ထိုင်းဘက်ကမ်းကို ရောက်သွားတဲ့အခါမှာ ဟိုဘက်နဲ့ ဒီဘက်ကို ယှဉ်ကြည့်မိပါတယ်။ မြစ်တစင်းပဲ ခြားထားတာပါ။ ဒါပေမဲ့ နှစ်ဘက်စလုံးရဲ့ ဘဝတွေကတော့ မယုံနိုင်လောက်အောင် ကွာခြားနေပါတယ်။

လျှပ်စစ်မီးတခုတည်းကိုပဲ ကြည့်မလား။ မြန်မာဘက်ခြမ်းမှာတော့ အမှောင်ထုကြီးထဲ စစ်ဘေးစစ်ဒဏ်နဲ့ စိုးရိမ်ကြောက်လန့်မှုတွေကြားမှာ လူတွေ ပုန်းကွယ်နေကြရတယ်။ ထိုင်းဘက်ခြမ်းမှာတော့ မီးရောင်တွေ ထိန်ထိန်လင်းနေပြီး ပွဲလမ်းသဘင်တွေနဲ့ စည်ကားနေပါတယ်။

မြစ်တစင်းခြားရုံနဲ့ လူတွေရဲ့ဘဝတွေ ဒီလောက်အထိ ကွာခြားနိုင်သလားဆိုတာကို မေးခွန်းထုတ်မိတယ်။ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝ၊ အထူးသဖြင့် ကျမတို့ ကရင်တိုင်းရင်းသားတွေရဲ့ ဘဝကို တွေးမိပါတယ်။ ရင်ထဲမှာ နာကျင်လွန်းလို့ ဘာစကားမှ ထွက်မလာတော့တဲ့အထိပါပဲ။ အဲဒီမီးရောင်တွေဟာ ကျမတို့အတွက် အလင်းတခု ဖြစ်မလာနိုင်သေးပေမဲ့ တဖက်မှာတော့ ကိုယ့်ဘဝရဲ့ အမှောင်ကို ပိုပြီးမြင်သာစေခဲ့ပါတယ်။ ဒီလို အမှောင်ထုနဲ့ စိန်ခေါ်မှုတွေကြားထဲကပဲ ကျမရဲ့ သန္နိဋ္ဌာန်က ပိုခိုင်မာလာခဲ့ပါတယ်။ 

ကျမဟာ သတင်းထောက်တယောက်ပါ။ ဘယ်လောက်ပဲ အန္တရာယ်ကြီးပါစေ၊ ဘယ်လောက်ပဲ ဖိနပ်တဖက်မပါအောင် ပြေးရပါစေ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့အသံ၊ တိုက်ပွဲကြားက အမှန်တရားနဲ့ အမှောင်ထုထဲက ဖြစ်ရပ်တွေကို ကမ္ဘာက သိအောင် ဆက်လက်ရေးသားဖော်ပြသွားဦးမှာပါ။

ကျမတို့ ရေးသားလိုက်တဲ့ သတင်းတပုဒ်ဟာ အမှောင်ထုထဲက ပြည်သူတယောက်အတွက် အလင်းတစက် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ မျှော်လင့်ချက်တခု ဖြစ်နိုင်ပါတယ်။ တစုံတရာ အပြောင်းအလဲကို စတင်ပေးနိုင်ပါတယ်။

သတင်းတပုဒ်က ကမ္ဘာကြီးတခုလုံးကို ချက်ချင်းမပြောင်းလဲနိုင်ပေမဲ့ လူတယောက်ရဲ့ အသံကို မပျောက်ကွယ်သွားအောင် ထုတ်ဖော်ပေးနိုင်ပါတယ်။ ဖြစ်ရပ်တခုကို မေ့ပျောက်မသွားအောင် မှတ်တမ်းတင်ပေးနိုင်ပါတယ်။

အမှန်တရားတခုကို အမှောင်ထဲမှာ တိတ်တဆိတ် မသေဆုံးသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ကျမ သတင်းတွေ ရေးသားခြင်းကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

ကျမမှာ အိမ်မရှိတော့တဲ့အချိန်တွေ ရှိကောင်းရှိမယ်။ လုံခြုံမှုမရှိတဲ့ ညတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ ကျမမှာ စာလုံးတွေ ရှိနေသေးတယ်။ အဲဒီစာလုံးတွေကပဲ အမှောင်ထုကြားမှာ ကျမ ဆက်လျှောက်နိုင်ဖို့ အလင်းတစက် ဖြစ်နေပါတယ်။

တာပလု

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013