DVB Logo
Home
မြန်မာသတင်း
MNDAA ထိန်းချုပ်သည့် လားရှိုးနယ်မြေတွင် ကျောင်းဝတ်စုံ မဝယ်နိုင်သူများရှိနေ
DVB
·
May 9, 2026
Photo : DVB
Photo : DVB
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲက MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေက စာသင်ကျောင်းတွေမှာ သတ်မှတ်ပုံစံအတိုင်း ဝတ်ဆင်ခိုင်းနေပြီး ကျောင်းဝတ်စုံဖိုး မတတ်နိုင်သူတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေမှာ ကိုးကန့်လက်အောက်ခံ ပညာရေးဌာနက ဖွင့်လှစ်ထားတဲ့ မြန်မာ စာသင်ကျောင်းတွေရှိပြီး ပညာသင်ကြားနေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို သတ်မှတ်ပုံစံ အတိုင်း ဝတ်ဆင်ခိုင်းတဲ့ ကျောင်းဝတ်စုံတစုံဟာ မူလတန်းနဲ့ အလယ်တန်းကို ၄၂,၀၀၀ ကျပ် ဖြစ်တာကြောင့် စစ်ဘေးဒဏ်ကိုခံခဲ့ရပြီး ကျောင်းသားဦးရေများတဲ့ ဆင်းရဲနွမ်းပါးမိသားစုတွေဟာ ကျောင်းဝတ်စုံဖိုး မတတ်နိုင်ကြဘူးလို့ ပညာရေးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ပညာရေးဌာနဲ့ နီးစပ်သူတယောက်က “ပညာရေးအတွင်းရေးမှူးက ကျောင်းဝတ်စုံကို သူတို့ ချုပ် ထားတဲ့ ပုံစံအတိုင်း ဝယ်ရင်ဝယ်၊ မဝယ်နိုင်ရင် ဒီအတိုင်းပဲချုပ်ရမယ် အခြားပုံစံဝတ်လို့ မရဘူး ဆိုပြီး ပြောပါတယ်။ ဝတ်စုံက အဖြူနဲ့ အနီပါ။ ဝတ်စုံ မဝယ်နိုင်လို ကျောင်းမတက်ရတော့မဲ့ ကလေးတွေရှိလို့ မိဘတွေကပြောတာကို နယ်မြေခံ ဆရာ၊ ဆရာမတွေက တင်ပြတာတယ်။ နားမထောင်းဘူး” လို့ ပညာရေးနဲ့ နီးစပ်သူတွေကပြောပါတယ်။

အထူးဒေသ ၁ ကိုးကန့်လက်အောက်ခံ မြန်မာစာသင်ကျောင်းတွေမှာ လက်ရှိပြည်မမှာ ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားနေတာဖြစ်ပါတယ်။

စာသင်ကျောင်းတွေကို မတ် ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဝတ်စုံတွေကို မေ ၁၁ ရက် ကစလို့ တပတ်မှာ ၂ ရက် ဝတ်ဆင်ရမှာဖြစ်ပါတယ်။

KG ကနေ G5 အထိ စာအုပ်နဲ့ ကျောင်းဝင်ကြေးက အခမဲ့ဖြစ်ပြီး အလယ်တန်းနဲ့ အထက်တန်းက တော့ ကျောင်းဝင်ကြေးနဲ့ လစဉ်ကြေးတွေပေးရတာရှိပါတယ်။

ကျောင်းဝတ်စုံဖိုး မတတ်နိုင်တဲ့ မိဘတွေအနေနဲ့ ရပ်ရွာဥက္ကဋ္ဌ၊ သူကြီး၊ ကျောင်းအုပ်ကြီးနဲ့ ကျောင်းကော်မတီကိုသွားရောက် အကူအညီတောင်းလို့ရတယ်လို့ သိန္နီမြို့နယ်မှာ နေထိုင်နေတဲ့ နယ်မြေခံတယောက်က ပြောပါတယ်။

“ကျောင်းဝတ်စုံက ဘောင်ဘီရှည် ၁ ထည်၊ စပို့ရှပ် ၁ ထည်၊ ထရက်ဆု ၁ ထည်ပါတယ်။ အားလုံး ၃ ထည်ပေါ့။ မိသားစုထဲမှာ ကျောင်းသားများလို့ ဒါမှမဟုတ် စားဝတ်နေရေးအဆင်မပြေလို့ ဖြစ်ဖြစ်၊ ကျောင်းဝတ်စုံဖိုး မတတ်နိုင်ရင် ကိုးကန့်ကခန့်ထားတဲ့ သူကြီးတွေရှိတယ်။ ကျောင်းတိုင်းမှာ ကျောင်းကော်မတီရှိတယ်။ သူတို့ကို အကူညီတောင်းလို့ရတယ်။ ကျောင်းအုပ်ကြီးကိုလည်း ပြောပြလို့ရတယ်။ မပြောရဲစရာ ကြောက်စရာမလိုဘူး”

MNDAA ကိုးကန့်တပ်ဖွဲဟာ မဟာမိတ်အာရက္ခတပ်တော် (AA)၊ (တအာင်းတပ် TNLA) နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက လောက်ကိုင်၊ ကုန်းကြမ်း၊ တာရွှေထန်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုး၊ မုံးကိုး၊ ဖောင်ဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြိုနဲ့ ဆက်စပ်နယ်မြေတွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီနောက် အုပ်ချုပ်ရေးယန္တရားတွေတည်ထောင်ပြီး CDM ဝန်ထမ်းတွေပါဝင်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားကဏ္ဍတွေကို ဖော်ဆောင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013