
အနောက်နိုင်ငံများနှင့် အာဆီယံ၏ ဖယ်ကြဉ်မှုကို ခံနေရချိန်တွင် တရုတ်နိုင်ငံသို့ “သမ္မတ” အဖြစ် သွားရောက်ခွင့်ရခြင်းသည် စစ်အာဏာရှင် မင်းအောင်လှိုင်အတွက် ကြီးမားသော သံတမန်ရေးရာ ထွက်ပေါက်တခု ဖြစ်သည်ဟု ခံယူထားသည်။ တရုတ်သည် စစ်အုပ်စုအား အာဏာသိမ်းချိန်မှစ၍ တစိုက်မတ်မတ် ထောက်ခံလာသောနိုင်ငံ ဖြစ်နေ၍လည်း မည်သူကမျှ ထူးခြားမှုအဖြစ် ယူဆကြမည်ကား မဟုတ်ပေ။ အကယ်၍ ဂျပန်၊ တောင်ကိုရီယားကဲ့သို့ နိုင်ငံမျိုးက ဖိတ်ခေါ်လျှင်တော့ ၎င်းအား သံတမန်ရေးအရ အသိအမှတ်ပြုခံရမှုတွင် ကြီးမားသော အောင်ပွဲကြီးဟု လက်ခမောင်းခတ်၍ ရပေမည်။
နိုင်ငံတကာအမြင်တွင်တော့ မင်းအောင်လှိုင် တရုတ်ပြည်သို့ သွားခွင့်ရခြင်းသည် တရားဝင်အစိုးရ ဖြစ်ကြောင်း ပြသနိုင်ခွင့်ဟု ယူဆကြမည် မဟုတ်ပေ၊ အားလုံးက မြန်မာသည် တရုတ်၏ ဩဇာခံ နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ထားပြီး ဖြစ်၍ မွဲပြာပုဆိုး ဇာတ်ထုပ်တထုပ်အဖြစ်သာ သတ်မှတ်ကြမည် ဖြစ်သည်။ တရုတ်အဖို့ကတော့ စစ်ယူနီဖောင်းမှ ပုဆိုး ပြောင်းဝတ်လာသူထံမှ အဓိပ္ပာယ်ရှိသော ပြုပြင်ပြောင်းလဲမှုမျိုး မည်သို့မှ ထွက်ပေါ်လာစရာ အကြောင်း မရှိသည်ကိုလည်း သိထားပြီး ဖြစ်သည်။
ထို့အတွက် မင်းအောင်လှိုင်၏ ခရီးစဉ်တွင် တရုတ်မှ နယ်စပ်တည်ငြိမ်ရေးနှင့် လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးအရ တိုက်ခိုက်ဖို့ မကြိုးစားရန် အဓိက ဖိအားပေး ဆွေးနွေးသွားရန် ရှိနေသည်။
မင်းအောင်လှိုင်ဘက်ကလည်း ရှည်လျားလာနေသော ပြည်တွင်းစစ်ကြောင့် စစ်ရေးအရ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ တရုတ်ထံမှ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ သို့မဟုတ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိရန် မျှော်လင့်ချက်များ ရှိနေသည်။
တရုတ်ကလည်း ၎င်းတို့၏ “ပိုးလမ်းမစီမံကိန်း” (BRI) တွင် ပါဝင်သော ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရထားလမ်းစီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို ပြန်လည်အသက်သွင်းရန် အလွန်အမင်း လိုလားနေသော်လည်း ၎င်းတို့၏ ရွေးကောက်ပွဲ ဇာတ်ထုပ်မှ ထင်သလို တိုးတက်မှုများ ဖော်ဆောင်နိုင်မည့် အလားအလားလည်း ထွက်ပေါ်မလာခဲ့။
ကုန်သွယ်မှုကဏ္ဍ တုံ့ဆိုင်းနေပြီး နိုင်ငံခြားငွေ ပြတ်လပ်နေမှုကို တရုတ်နှင့် ကုန်သွယ်မှု မြှင့်တင်ခြင်း၊ တရုတ်ယွမ်ငွေ အသုံးပြုမှု တိုးမြှင့်ခြင်းတို့ဖြင့် ကုစားရန်လည်း မင်းအောင်လှိုင်က လိုလားနေပြန်သည်။
တရုတ်သည် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သော်လည်း ၎င်း၏ စစ်အုပ်စုကို ရာနှုန်းပြည့် ထောက်ခံခြင်းထက် “မိမိအကျိုးစီးပွားကို ကာကွယ်”ဖို့သာ ဖြစ်သည်။ မိမိတို့အား သေတပန် သက်တဆုံး အားကိုးချင်နေသည့်ပုဂ္ဂိုလ်များအား အဘယ်သို့များ ပစ်ပယ်နိုင်အံ့ပေမည်နည်း။ ထိုသို့ ဖြစ်လာအောင်လည်း ၁၀၂၇ စစ်ဆင်ရေးဖြင့် တပည့်တပန်းများ လွှတ်ပြီး သင်ခန်းစာပေးထားပြီး ဖြစ်သည်။
တရုတ်၏ အဓိက လိုလားချက် (၃) ခု
၁။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေး။
၂။ တရုတ်-မြန်မာ နယ်စပ်တလျှောက် တိုက်ပွဲများ ရပ်တန့်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေး။
၃။ ၎င်းတို့ နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်နှိမ်နင်းရေးတို့ ဖြစ်သည်။
တရုတ်သည် မြန်မာ့နိုင်ငံရေးတွင် မည်သူတက်တက် ၎င်းတို့၏ ရေရှည်ဘူမိနိုင်ငံရေး အကျိုးစီးပွားနှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရေးကိုသာ ရှေးရှုစဉ်းစားမည်သာ ဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စုအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်လည်း ဩဇာလွှမ်းမိုးမှုကို တပြိုင်နက်တည်း ထိန်းညှိကစားနေခြင်း ဖြစ်သည်။
မင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်အား ၎င်း၏ ကပ်ပါးရပ်ပါး လူတန်းစားများရှေ့တွင် မော်ကြွားနိုင်မည့် ခရီးစဉ်အဖြစ် ကျိတ်၍မှတ်ယူနေသော်လည်း အလေးအနက် စဉ်းစားကြည့်မည် ဆိုက ရေရှည်တွင် မြန်မာ့အရေးကို တရုတ်၏ လက်ဝါးကြီးအုပ် ခြယ်လှယ်မှု၊ လက်အောက်ခံအဖြစ် သွတ်သွင်းမှုသာ ပိုမိုအားကောင်းလာစေနိုင်သည့် လုပ်ရပ်မျိုးသာ ဖြစ်သည်။
တရုတ်၏ ဖိအားကြောင့် မြောက်ပိုင်းအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် နိုင်ငံရေးဆွေးနွေးပွဲများ ယာယီပေါ်ပေါက်လာနိုင်သော်လည်း၊ မြန်မာပြည်သူလူထု၏ နွေဦးတော်လှန်ရေး လိုလားချက်နှင့် စစ်အာဏာရှင်၏ အာဏာဆုပ်ကိုင်ထားလိုမှုတို့အကြား အခြေခံပဋိပက္ခကိုမူ ယင်းခရီးစဉ်က မည်သို့မျှ ဖြေရှင်း နိုင်မည်လည်း မဟုတ်ပေ။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှု ဒဏ်၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ညအချိန် အပြင်မထွက်ရဲဘဲ ကျီးလန့်စာစားဖြစ်နေမှု၊ တနေ့ သုံးလေးနာရီမျှသော လျှပ်စစ်မီးရရှိမှု၊ စက်သုံးဆီ ပြတ်လတ်မှု၊ လယ်သမားများ ဓာတ်မြေဩဇာများ အဆမတန် ဈေးကြီးပေးဝယ်နေရမှုကြောင့် စားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည့် အရေးများနှင့် လူထုသည် လုံးခြာလိုက်နေပြီ ဖြစ်သည်။
ထိုသို့သော ပြဿနာများကို စစ်ခေါင်းဆောင်များက နောင် ၁၀ နှစ်လည်း ဖြေရှင်း ပေးနိုင်မည် မဟုတ် ဆိုသည်ကို သမိုင်းအဆက်ဆက် တွေ့ခဲ့ကြပြီးလည်း ဖြစ်သည်။
စီးပွားရေး ပိတ်ဆို့မှုကြောင့်ဆိုကလည်း မြောက်ကိုရီယားသည် အဘယ်ပုံ ရှင်သန်နေသနည်း ဆိုသည်ကို စဉ်းစားသင့်ပေသည်၊ ပြည်တွင်းတွင် ပါးစပ်ပိတ် နေရတာခြင်း အတူတူ မြောက်ကိုရီယားတို့က ထမင်းဝပေသေးသည် မဟုတ်ပါလား။
မည်သည့် နိုင်ငံရေးပါတီမှလည်း ကိုယ်စားမပြု၊ ၎င်းအား တိုက်ရိုက် ရွေးချယ် တင်မြှောက်ပေးခဲ့ခြင်းလည်း မရှိ၊ ၎င်း လက်ရွေးစင် ရွေးချယ် ပေးထားသော မင်းမြှောင်များကသာ “သမ္မတ” ဆိုလာသူ မင်းအောင်လှိုင်အား မြန်မာပြည်သူအများစုက သမ္မတ အဖြစ်လည်း အသိအမှတ် မပြု၊ အတုအယောင် အဖြစ်သာ သဘောထားသည်၊ ထိုသို့သော ပုဂ္ဂိုလ်အား ရှီကျင့်ဖျင်က ကော်ဇောနီခင်း၍ ကြိုဆိုခြင်းဖြင့် ကိုယ့်အရှက်ကိုယ်ခွဲသလိုသာ ရှိပေတော့မည်။










