DVB Logo
Home
Lead Story
နေ့စဉ်လို လူသတ်မှု ကျူးလွန်နေရသော မင်းအောင်လှိုင်တို့ အုပ်စု
လှစိုးဝေ
·
September 30, 2026
နေ့စဉ်လို လူသတ်မှု ကျူးလွန်နေရသော မင်းအောင်လှိုင်တို့ အုပ်စု
Donate to DVB

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အရှိန်အဟုန်ဖြင့် စတင်နေချိန် ဖြစ်သည်။ စစ်အုပ်စု အင်မတန် လိုလားနေသော ကုလတွင် ကိုယ်စားပြုခွင့်ရဖို့ ဆုံးဖြတ်ရတော့မည့် အချိန်လည်း ဖြစ်သည်။

၎င်းတို့အတွက် သံတမန်ရေးအရ လွန်စွာ အရေးကြီးနေသော အချိန်တွင်ပင် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချနေ‌သော ပြည်သူများကို ဗုံးကြဲ သတ်ဖြတ်မှုများကို နေ့စဉ်လို အစဉ်းစား အဆင်ခြင်ဉာဏ်မဲ့စွာ ကျူးလွန်နေကြသည်။

စက်တင်ဘာ ၂၈ ရက်တွင် စစ်တပ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ဈေးရပ်ကွက်အား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြပြန်သဖြင့် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ကြောင်း ထိုဒေသကို ထိန်းချုပ်ထားသည့် တော်လှန်ရေးအဖွဲ့နှင့် ဒေသခံ လူမှုကူညီရေးလုပ်သားတဦး၏ ပြောကြားချက်အရ သိရသည်။

တနင်္လာနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်ဝန်းကျင်တွင် စစ်တပ်၏ တိုက်လေယာဉ်များက လူစည်ကားနေသည့် ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနှင့် ၎င်းအနီးရှိ ကစ္ဆပနဒီတံတားကို ဗုံးနှစ်လုံးကြဲကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA) ၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ အယောက် ၅၀ သေဆုံးပြီး ၅၇  ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ ပါဝင်ပြီး အချို့ရုပ်အလောင်းများမှာ မီးလောင်ကျွမ်းမှု ပြင်းထန်သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲနေသောကြောင့် သေဆုံးသူအရေအတွက် ယခုထက် ပိုမိုတိုးလာနိုင်သည်ဟု သိရသည်။

ပေါက်ကွဲမှုကြောင့် ဈေးအတွင်း အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်းများစွာ ပျက်စီးခဲ့သည့်အပြင် အရပ်သားပိုင် မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် (Tuk-tuk) များနှင့် လယ်ယာသုံးကားများပါ မီးလောင်ပျက်စီးခဲ့သည်။ ထို့ပြင် ကစ္ဆပနဒီတံတားလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

အဆိုပါဈေးသည် ရခိုင်ပြည်နယ်တဝန်းလုံးမှ ကုန်သည်များနှင့် ဈေးဝယ်သူများ လာရောက်ကြသည့် အဓိက လက်ကားအရောင်းအဝယ် ဗဟိုဈေးကြီး ဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသောနေရာ ဖြစ်သည်။

ပြည်နယ်မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့တမြို့ ဖြစ်သော ကျောက်တော်အား တိုက်ခိုက်မှုအပေါ် ကယ်ဆယ်ရေးလုပ်သားတဦးက “ဒီနေရာက တိုက်ပွဲတွေ ဖြစ်ပွားရာနေရာနဲ့ တော်တော်လေးဝေးပြီး ပဋိပက္ခနဲ့လည်း ဘာမှသက်ဆိုင်မှုမရှိဘူး” ဟု ပြောပြခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ပြည်နယ်အနောက်ပိုင်းရှိ ဆေးရုံတရုံအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ရပ်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (ULA/AA) က အဆိုပါဖြစ်ရပ်အား အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ပြီး ပါဝင်ပတ်သက်သူ အားလုံးကို ဖော်ထုတ်ကာ ပြတ်ပြတ်သားသား ကာကွယ်တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာစစ်အုပ်စုအနေဖြင့် ကုလသမဂ္ဂတွင် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေချိန်တွင် အရပ်သားပြည်သူများအပေါ် ယခုကဲ့သို့ ပြင်းထန်သော အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်နေရခြင်းသည် ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးနှင့် မဟာဗျူဟာမြောက် အကျပ်အတည်းများမှ ရုန်းထွက်နိုင်ဖို့က ပို၍အရေးကြီးနေ၍ ဖြစ်သည်ကို အထင်အရှား တွေ့မြင်လာနေရသည်။

မြေပြင်တပ်ဖွဲ့များ စိတ်ဓာတ်ကျဆင်းခြင်းနှင့် တိုက်စွမ်းရည်ပြည့်ဝသော စစ်အင်အား မလုံလောက်ခြင်းတို့ကြောင့် ဆုံးရှုံးသွားသော နယ်မြေများကို မြေပြင်စစ်ကြောင်းဖြင့် ပြန်လည်မသိမ်းပိုက်နိုင်တော့ဘဲ ၎င်းတို့ အသာစီးရသည့် တခုတည်းသော လေကြောင်းအင်အားကို အလွန်အကျွံ အသုံးပြုကာ လက်စားချေ တုံ့ပြန်နေခြင်း ဖြစ်သည်။

တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများတွင် တည်ငြိမ်အေးချမ်းပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးယန္တရားများ လည်ပတ်၍မရအောင် ရည်ရွယ်ချက်ရှိရှိ ဈေးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် အရပ်သားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးအဖွဲ့များကို ထောက်ခံပါက သို့မဟုတ် ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် နေထိုင်ပါက အသက်အန္တရာယ်မလုံခြုံဟု ခံစားရစေရန် ခြောက်လှန့်သည့် Terror Tactics မဟာဗျူဟာပင် ဖြစ်သည်။

ကုလသမဂ္ဂတွင် အသိအမှတ်ပြုခံရရေးအတွက် သံတမန်ရေးအရ တရားဝင်မှုကို ကြိုးပမ်းနေသော်လည်း မြေပြင်တွင် အာဏာတည်မြဲရေးအတွက်မူ ရက်စက်ကြမ်းကြုတ်သော စစ်ရေးနည်းလမ်း  တခုတည်းဖြင့်သာ ထိန်းချုပ်နိုင်တော့မည်ဟု ယူဆထားကြသည်။

ထိုသို့သော လုပ်ရပ်ကို ကုလသမဂ္ဂတွင် တောက်လျှောက် ကန့်ကွက် ပြောဆိုနေသော ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု မိန့်ခွန်းပြောနေချိန်တွင် ခန်းမအပြင်သို့ ကန့်ကွက်သည့် အနေဖြင့် ထထွက်သွားခြင်းသည် လွန်စွာမှ လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်ပင် ဖြစ်သည်။

မိမိတို့ကိုယ်တိုင် စစ်အုပ်စု၏ လေကြောင်းရန်နှင့် အကြမ်းဖက်မှုဒဏ်ကို ခံစားနေရသည့် မြန်မာပြည်သူများကို ကိုယ်စားပြုသောကြောင့်၊ ဂါဇာနှင့် လက်ဘနွန်တို့တွင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးစေသည့် စစ်ရေးလုပ်ရပ်များ လုပ်ဆောင်နေသော အစ္စရေးအစိုးရကို ကန့်ကွက်ခြင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းများအရ ကိုက်ညီပြီး မရှိမဖြစ်လိုအပ်သည့် ကိုယ်ကျင့်တရားဆိုင်ရာ ရပ်တည်ချက်ကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။

ပါလက်စတိုင်းနိုင်ငံကို တရားဝင်အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၇ နိုင်ငံက အသိအမှတ်ပြုထားပြီး ဖြစ်သည်။ ယခင်က အနောက်နိုင်ငံ အများစုသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ် ထွက်ပေါ်လာမှသာ အသိအမှတ်ပြုမည်ဟူသော မူဝါဒကို ကိုင်စွဲခဲ့ကြသော်လည်း၊ ဂါဇာစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်မှစ၍ အနောက်နိုင်ငံကြီးများနှင့် ဥရောပနိုင်ငံ အမြောက်အမြားသည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် ဆက်တိုက် တရားဝင်တိုးမြှင့်အသိအမှတ်ပြုလာကြသည်။

ထိုအထဲတွင် ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ အိုင်ယာလန်၊ စပိန်၊ နော်ဝေ တို့ ပါဝင်လာကြသည်။

တဖက်တွင် ဤကဲ့သို့ ပြောင်းလဲလာသော နိုင်ငံတကာ ဘူမိနိုင်ငံရေး ဖြစ်စဉ်များတွင် Global South ဖြစ်‌သော ကမ္ဘာနိုင်ငံအများစုနှင့်အတူ ပူးပေါင်းရပ်တည်ပြခြင်းကပင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စစ်မှန်သော ပြည်သူ့အစိုးရကို ကိုယ်စားပြုကြောင်း ပိုမိုထင်ရှားစေခဲ့သည့် လုပ်ရပ်လည်း ဖြစ်သည်။

လှစိုးဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013