
ပဲခူးတိုင်း၊ ညောင်လေးပင်နဲ့ ဝေါမြို့နယ်ကြားမှာ စစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးစီး PDF ပူးပေါင်းတပ်တို့ ဒီနေ့ ဧပြီ ၂၁ ရက် မနက် ၃ နာရီ မှာ တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စပ်စုနဲ့ ဆင်ရွာကြား အရိုင်းကုန်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့ပူးပေါင်း ပြည်သူ့စစ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ကြတာဖြစ်ပြီး စစ်တပ်ရဲ့ လက်နက် ၄ လက် သိမ်းဆည်းရရှိသလို တပ်သား တယောက် သေဆုံးကာ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အရိုင်းကုန်း တံတားလည်းကျိုးသွားတယ်။ ဘယ်အဖွဲ့က ချိုးလိုက်တာလည်း ကျနော်လည်း မသိဘူး။ တပ်မဟာ ၃ နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့စစ် ပူးပေါင်း စစ်ကောင်စီ တပ်တွေ ဖြစ်ကြတာ။ အခုတော့ စစ်တပ်ဘက်က ရွာအဝင် အထွက်တွေ ပိတ်စစ်နေတယ်” လို့ DVB ကို ပြောပါတယ်။
ညောင်လေးပင်နဲ့ ဝေါမြို့နယ်ကြားက အရိုင်းကုန်းမှာ စစ်တပ်က အင်အား ၂၀ ဝန်းကျင်နဲ့ ကင်းပုန်းဝပ် နေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးနောက် တပ်သား ၃ ယောက် ပျောက်ဆုံးနေလို့ စစ်တပ်က အင်အားအများအပြား ရောက်လာပြီး ဆင်ရွာတဝိုက်နဲ့ မြစ်ကျိုးတဝိုက်မှာ ပိတ်ဆို့စစ်ဆေးနေ ပါတယ်။
ဧပြီ ပထမပတ်ကလည်း အသက် ၃၀ အရွယ် လူငယ် ၂ ယောက် ဆင်ရွာမှာရှိတဲ့ ဆွေမျိုးအိမ်ကို သွားရောက်ရာမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာကြောင့် လက်လွန်သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်တပ်က လူငယ် ၂ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီး PDF ရဲဘော် ၂ ယောက် ဖမ်းဆီးရမိတယ်လို့ ဝါဒဖြန့်ခဲ့ပါတယ်။










