
ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ မေ ၁၁ ရက်က ဂက်စ်အိုး ပေါက်ကွဲရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အပျက်အစီးတွေအောက်မှာ အမျိုးသားတယောက် သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ကာ တခြားလူ ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
ဆော်ပေါ်လိုမြို့လယ်နဲ့ ၁၆ ကီလိုမီတာလောက်ဝေးတဲ့ ယာဂွါးရယ်ရပ်ကွက်မှာ LPG ဓာတ်ငွေ့ရည်အိုး ပေါက်ကွဲမှုကြောင့်လို့ ယူဆရတဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်ခြေ ၁၀ လုံးလောက် တိုက်ရိုက်ထိခိုက် ပျက်စီးခဲ့ပါတယ်။
အစောပိုင်းသတင်းတွေမှာ ဒဏ်ရာရသူသာ ရှိတယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမဲ့ တာဝန်ရှိသူတွေက အပျက်အစီးတွေအောက်မှာ အသက်ဆုံးရှုံးနေတဲ့ အမျိုးသားတယောက်ကို တွေ့ရှိခဲ့တယ်လို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက ဒေသခံမီဒီယာတွေကို ပြောကြားပါတယ်။
ကျန်ဒဏ်ရာရရှိသူ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့လည်း ဆိုပါတယ်။
X မှာ တင်ထားတဲ့ ပို့စ်တခုမှာ ဆော်ပေါ်လိုပြည်နယ် မီးသတ်ဌာနက မီးငြှိမ်းသတ်ဖို့ မီးသတ်ကား ၁၂ စီး စေလွှတ်ထားတယ်လို့ ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်သမားတွေဟာ အပျက်အစီးတွေကြားထဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို ရှာဖွေနေကြပါတယ်။
Source: Reuters










