
မကွေးတိုင်းထဲက မြို့နယ်တချို့ကို ဒီလ ဒုတိယပတ်လောက်ကစပြီး စားသောက်ကုန်၊ လူသုံးကုန်နဲ့ ဆေးဝါး သယ်ယူခွင့် စစ်အာဏာရှင်တပ်က ပိတ်ပင်ထားတာကြောင့် ရိက္ခာပြတ်လပ်မှုဒဏ်ကို မကွေး-ချင်းနယ်စပ်ဒေသတွေအထိ ကြုံနေရတယ်လို့ ဒေသခံတချို့က DVB ကို ပြောပါတယ်။
မကွေးတိုင်းရဲ့ ဒုတိယအကြီးဆုံးမြို့တော် ပခုက္ကူကနေ မကွေးတိုင်းအတွင်းနဲ့ ချင်းတောင်တန်းဒေသဘက်ကို ကုန်စည်သယ်ဆောင်ခွင့်မပေးဘဲ စစ်အာဏာရှင်တပ်က ပိတ်ဆို့ ဖြတ်တောက်ထားတာလို့ ဆိုကြပါတယ်။
ဂန့်ဂေါမြို့ခံတယောက်က “ကုန်စည်တွေ သိသိသာသာမဝင်တော့တာ ၁၀ ရက်လောက်တော့ ရှိပြီ။ အရင်ကလည်း အဲဒီလို ဖြတ်ထားဖူးတယ်။ အခု ဘယ်လောက်ကြာမယ်တော့ မသိဘူး။ လောလောဆယ်တော့ ပခုက္ကူကျော်တာနဲ့ မြိုင်၊ ပေါက်၊ ဂန့်ဂေါ(မြို့) အထိ စားသောက်ကုန်တချို့ စပြီး ပြတ်လပ်မှုတွေ ဖြစ်လာတယ်။ စစ်ကြောင်းထိုးတာတွေလည်း ရှိနေတော့ လမ်းကြောင်းတွေလည်း ပိတ်နေတယ်” လို့ ပြောပါတယ်။
မကွေးတိုင်းထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်အပါအဝင် မကွေး-ချင်းပြည်နယ်အစပ်က ယောဒေသတွေဆီကို ပခုက္ကူမြို့နယ် ကုန်စည်ဂိတ်တွေကတဆင့် စီးဆင်းနေတာလို့ ဒေသခံတချို့က ပြောပါတယ်။
အရင်က အဲဒီလမ်းပိုင်းအတိုင်း ရခိုင်ပြည်နယ်က ကုန်သည်တချို့ပါ ကုန်စည်ကူးသန်းတာမျိုး ရှိခဲ့ ပေမဲ့ အခုတော့ စစ်ရေးတင်းမာမှုတွေကြောင့် လမ်းကြောင်းရပ်တန့်သွားပါပြီ။
မကွေးတိုင်း ဂန့်ဂေါနယ်ကနေ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကိုသွားတဲ့ လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်ဖွဲ့တွေကြား လက်ရှိ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မကွေးတိုင်းထဲမှာ စစ်ဘေးရှောင်ကူညီနေသူတယောက်က “တိုက်ပွဲတွေလည်း ပိုစိပ်လာတော့ စစ်ရှောင်တွေက များလာတယ်။ ရိက္ခာလမ်းကြောင်းပါ ဖြတ်တောက်ထားတော့ စစ်ရှောင်တွေက ပိုခက်ခဲတာပေါ့။ စားသောက်ကုန်တွေ ရှိသေးတဲ့ နေရာတချို့ကျလည်း လမ်းကြောင်းဖြတ်လိုက်တော့ ဈေးနှုန်းတွေလည်း တက်သွားတယ်။ ဆေးဝါးလည်း သယ်လို့မရတော့ ဖျားနာသူတွေ ပိုအခက်အခဲ ရှိတာပေါ့” လို့ ပြောပါတယ်။
မကွေးတင်မက စစ်ကိုင်းတိုင်းဘက်ကိုပါ ကူးသန်းသွားမယ့် ကုန်စည်၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းတွေကိုလည်း စစ်အာဏာရှင်တပ်က သယ်ယူခွင့် ကန့်သတ်တားမြစ် ပိတ်ပင်တာတွေ လုပ်နေတယ်လို့ မကွေးဒေသခံတချို့က ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်ကိုင်း၊ မကွေးအပါအဝင် ချင်းတောင်တန်းဒေသတွေကို ကုန်စည်၊ ဆေးဝါးနဲ့ ရိက္ခဖြတ်တောက်မှုတွေ လုပ်ဆောင်ပြီး စစ်ရေးအသာစီးရဖို့ ကြိုးပမ်းနေသလို လက်လွှတ်ဆုံးရှုံးထားရတဲ့ ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့အတွက် အခုလို ဒေသတွင်း ကုန်စည်ကူးသန်းခွင့်ကို ပိတ်ပင်တားဆီးထားတာ ဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၃ ခု နိုဝင်ဘာမှာ စတင်တဲ့ မကွေးတိုင်း နဲ့ ကပ်လျက်က ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အခုလိုပဲ ဒေသခံတွေကို ကုန်စည်၊ ဆေးဝါး ပြတ်လပ်အောင် လုပ်ပြီး ဖြတ်တောက်ကာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို ခုခံဖို့ ကြိုးစားပေမဲ့ နောက်ဆုံးမှာ စစ်ရှုံးခဲ့ ရပါတယ်။










