
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဈေးနှုန်း ဆက်တိုက်အေးနေခဲ့တဲ့ ပြည်တွင်းရွှေဈေးကွက်ဟာ မေ ၂၅ ရက် မနက်ပိုင်းမှာ အတက်ဘက်ကို ပြန်လည်ဦးတည်လာပြီး ပြင်ပဈေးကွက် အခေါက်ရွှေရောင်းဈေးမှာ တကျပ်သားကို ကျပ် ၁၀,၃၃၀,၀၀၀ အထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။
မေ ၂၄ ရက် မနေ့ကအထိ ကျပ် ၁၀,၂၇၀,၀၀၀ ဝန်းကျင်မှာ ဈေးငြိမ်နေခဲ့ရာက ဒီနေ့မနက်ပိုင်း တကျပ်သား ကျပ် ၆၀,၀၀၀ ခန့် ဈေးပြန်တက်လာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဈေးနှုန်းဆက်တိုက်အေးခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီနေ့ မေ ၂၅ ရက် မနက်ပိုင်းမှာတော့ အတက်ဘက်ကို ပြန်လည်ဦးတည်လာပြီး ပြင်ပဈေးကွက် အခေါက်ရွှေရောင်းဈေးဟာ တကျပ်သားကို ၁၀,၃၃၀,၀၀၀ ကျပ် ဖြစ်လာပါတယ်။
မေ ၂၄ ရက် မနေ့ကအထိ ကျပ် ၁၀,၂၇၀,၀၀၀ ဝန်းကျင်မှာ ဈေးငြိမ်နေရာကနေ ဒီနေ့မနက်ပိုင်းမှာ တကျပ်သားကို ကျပ် ၆၀,၀၀၀ ဝန်းကျင် ဈေးပြန်တက်လာပါတယ်။
အခုလို ပြည်တွင်းရွှေဈေး ပြန်တက်လာရတာက အမေရိကန်နဲ့ အီရန်အကြား ငြိမ်းချမ်းရေး အလားအလာကြောင့် ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၄,၅၀၀ ဝန်းကျင်ကနေ ၄,၅၆၀ ကျော်အထိ ပြန်တက်လာပြီး ပြည်တွင်းရွှေဈေးကွက်ကိုပါ လိုက်ပါလှုပ်ခတ်စေခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့လည်း အရှေ့အလယ်ပိုင်းပဋိပက္ခတွေ စတင်ခဲ့တဲ့ အချိန်ကနေ တွက်မယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းမြှင့်မဲ့ စိုးရိမ်ချက်တွေကြောင့် ရွှေဈေးဟာ ၁၃ ရာခိုင်နှုန်းလောက် အထိ ကျဆင်းနေဆဲ ဖြစ်ပါတယ်။
အရင်နှုန်းထားတွေကို ကြည့်မယ်ဆိုရင် ဇန်နဝါရီလတုန်းက ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၅,၆၀၀ အထိ ရှိခဲ့ပြီး ဧပြီလမှာတော့ ဒေါ်လာ ၅,၀၀၀ ဝန်းကျင် ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဒေါ်လာ ၄,၅၅၀ ဝန်းကျင်ကို ကျဆင်းနေပါတယ်။
တခြားတဖက်မှာလည်း ရွှေဈေးတက်လို့ ကုန်ဈေးနှုန်းတွေ လိုက်တက်လာနိုင်တဲ့အတွက် တကျပ်သားကို ကျပ်သိန်း ၁၀၀ အထက် ရောက်နေတဲ့ ပြည်တွင်းရွှေဈေးကို သိန်း ၁၀၀ အောက် ထားဖို့ မေ ၂၀ ရက်က နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်တွေအား အာဏာပိုင်တွေဘက်က နေပြည်တော်ကို ခေါ်ယူသတိပေး ပြောဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ပြည်တွင်းရွှေဈေးကတော့ သိန်း ၁၀၀ အောက် ကျမသွားဘဲ ကမ္ဘာ့ရွှေဈေး အတက်ကြောင့် ဒီနေ့မှာတော့ ကျပ် ၁၀၃ သိန်းကျော်အထိ ဈေးက ပြန်ရုန်းတက်လာခဲ့ပါတယ်။










