
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲအိမ် အလုံး ၃၀ ကျော် ပျက်စီးခဲ့တယ်လို့ DTMG Volunteer Team ပြန်ကြားရေးက ပြောပါတယ်။
DTMG Volunteer Team ပြန်ကြားရေးတာဝန်ရှိသူတယောက်က “လေပြင်းတိုက်ပြီး စစ်ရှောင်တဲအိမ် ၃၅ လုံး၊ စာသင်ကျောင်းဆောင် ၃ ဆောင်၊ ဆေးပေးခန်း အဆောင်လည်း တဝက်နီးပါးပျက်စီးသွားတယ်ပေါ့နော။ ပြီးတော့ ခန်းမဆောင် ဂိုဒေါင်တခုလုံးလည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
စစ်ရှောင်စခန်းမှာ နေထိုင်သူတွေက လွိုင်ကော်၊ ဘောလခဲ၊ ငွေတောင်၊ ဒီးမော့ဆို အရှေ့ခြမ်းတွေကနေ စစ်ဘေးရှောင်နေကြသူတွေဖြစ်ပြီး စစ်ရှောင်ကာလ ၄ နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။
စစ်ရှောင်ကာလ ကြာမြင့်လာလို့ အလှူရှင်နည်းပါးလာတဲ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တွေရဲ့ တဲအိမ်နဲ့ ခန်းမဆောင်တွေပါ ထိခိုက်ပျက်စီးကုန်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
DTMG Volunteer Team တာဝန်ရှိသူက “အဲဒီဘက်က စစ်ရှောင်က အရင်ကတည်းက ရှောင်ကြတာ ဆိုတော့ စားဝတ်နေရေး အဆင်မပြေကြဘူးရှင့်၊ အပူပေါ် အပူဆင့်သွားတာပေါ့နော်။ အခုက ဒီလိုထပ်ဖြစ်တော့ ပိုဆိုးသွားတာပေါ့နော်။ အဲဒါကြောင့် သူတို့အနေနဲ့ အကူအညီတွေ လိုအပ်နေတာပေါ့” လို့ ပြောပါတယ်။
တဲအိမ်တွေ ပျက်စီးသွားတာကြောင့် ပြန်လည်တည်ဆောက် နေထိုင်ဖို့ မိုးကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပြီး အလှူရှင်လာရောက်လှူဒါန်းတာ မရှိသေးဘူးလို့ သိရပါတယ်။










