
ဝါရှင်တန်ဟီတန် ညစာစားပွဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သေနတ်သမားလို့ သံသယရှိသူရဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ပြန်ခဲ့ပါတယ်။
အိမ်ဖြူတော် သတင်းထောက်အသင်း ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သမ္မတကတော် မယ်လာနီယာတို့ အရေးပေါ် ထွက်ခွာခဲ့ရပါတယ်။
ဧပြီ ၂၅ ရက် ညစာစားပွဲမှာ သေနတ်သမားတယောက်က သေနတ်နဲ့ လုံခြုံရေးတယောက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးဂိတ်ကို လူတယောက် ဖြတ်ပြေးတဲ့ ရုပ်သံမှတ်တမ်းကို ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီရုပ်သံမှတ်တမ်းမှာ လုံခြုံရေးဝန်ထမ်းတွေကလည်း သေနတ်တွေထုတ်ပြီး လုံခြုံရေးယူခဲ့ပါတယ်။
သေနတ်သမားဟာ လုံခြုံရေးအေးဂျင့် ၁ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့ FBI က ရိုက်တာကို ပြောပါတယ်။
အဲဒီအဖြစ်အပျက် ဖြစ်ပြီး ၂ နာရီအကြာမှာ သေနတ်နဲ့အပစ်ခံရတဲ့သူဟာ ကျည်ကာအင်္ကျီကြောင့် အသက်အန္တရာယ်မရှိခဲ့ဘူးလို့ သတင်းထောက်တွေကို ထရမ့်ပ်က ပြောပါတယ်။
ဖမ်းမိတဲ့ တရားခံက မကျန်းမာသူလို့ ထရမ့်ပ်က ပြောထားပြီး အဲဒီညစာစားပွဲကို တက်ရောက်တဲ့ တာဝန်ရှိသူတွေအားလုံး ဘေးကင်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တရားခံကို ချုပ်နှောင်ထားပြီး ဝါရှင်တန်ဟီတန်မှာ သေနတ်ပစ်ခတ်မှုကို မြို့တော်တုံ့ပြန်ရေးအဖွဲ့တွေက ကိုင်တွယ်ခဲ့တာဖြစ်ကြောင်း FBI က အတည်ပြုထားပါတယ်။
သံသယရှိသူဟာ အသက် ၃၁ နှစ်အရွယ် ကယ်လီဖိုးနီးယားမှာနေသူ ကိုးတိုမတ်အယ်လန် ဖြစ်ပြီး တနင်္လာနေ့ တရားရုံးမှာ သူ့ကို စွဲချက်တင်မှာဖြစ်ပါတယ်။










