
ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း တခုကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင် ၃ ယောက် ဒဏ်ရာ ရသွားတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲလို့ စစ်ရှောင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက "စစ်ရှောင်စခန်းတွေကို ကြဲတာဖြစ်ပါတယ်။ လူ ၃ ဦး ထိခိုက်မိတာပေါ့။ ပေါင်တို့ ခေါင်းတို့ တချို့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထိခိုက် မိတာရှိတယ်။ အိမ်လည်းပျက်စီးတယ်"လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေရှိရာနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရ ပါတယ်။
စစ်တပ်က ၂၀၂၆ ခုနှစ်အတွင်းမှာ ကရင်နီပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဘောလခဲ၊ မော်ချီးနဲ့ ဖယ်ခုံ၊ မိုးဗြဲဒေသတို့ကို စစ်ကြောင်းထိုးတာ၊ ပြည်သူရှိရာမှာ လေကြောင်းကနေ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ကြဲတာတွေ မကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း ပြည်သူ ၁၅ ယောက်သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန် ပါတယ်။











