DVB Logo
Home
Lead Story
ရာဇဝတ်ကောင်တွေ တရုတ်စီးပွားရေးကို ဘာကြောင့် သဘောကျကြသလဲ၊ ပေကျင်းက ဘာကြောင့် အရေးမယူနိုင်တာလဲ၊ အရေးမယူချင်တာလဲ
DVB
·
August 26, 2026
Design: DVB
Design: DVB
Donate to DVB

နှစ်ပေါင်းများစွာ ကြာတဲ့အထိ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာမှုနဲ့ပတ်သက်တဲ့ နိုင်ငံတကာ ဆွေးနွေးမှုတွေဟာ အကြောင်းအရာ တခုအပေါ်မှာပဲ အာရုံစိုက်ခဲ့ကြပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံဟာ ကုန်ထုတ်လုပ်မှုနဲ့ ပို့ကုန် အင်အားကြီး နိုင်ငံတခုကို ဘယ်လို တည်ဆောက်ခဲ့သလဲ ဆိုတာပါပဲ။ ပြီးတော့ ဒီလိုလုပ်ဆောင်မှုတွေကို ပံ့ပိုးဖို့အတွက် စက်မှုလုပ်ငန်း မူဝါဒတွေကို တိုက်ကြီးတတိုက်စာ ပမာဏနဲ့ ဘယ်လို အသုံးပြုခဲ့သလဲ ဆိုတာကိုပဲ ဆွေးနွေးခဲ့ကြတာပါ။

ဒါပေမဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုမှာ နောက်ထပ် မှောင်မိုက်တဲ့ ဘက်ခြမ်းတခု ရှိနေပါသေးတယ်။ အဲဒါကတော့ တရားမဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ တရုတ်နိုင်ငံက အဆမတန် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပိတ်ဆို့အရေးယူခံထားရတဲ့ အီရန်ရဲ့ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းလောက်ကို ဝယ်ယူနေပါတယ်။ ဒီရေနံအများစုဟာ မလေးရှား နိုင်ငံကနေ လာသယောင် နာမည်ပြောင်း တင်သွင်းလာတာပါ။ ငွေပေးချေရာမှာလည်း ကြားခံအဖြစ် ဆောင်ရွက်တဲ့ ဘဏ်ငယ်လေးတွေနဲ့ ဟန်ပြကုမ္ပဏီတွေကနေတဆင့် ပေးချေကြပါတယ်။

တရုတ်နဲ့ ဟောင်ကောင်က ဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrency) ပွဲစားတွေဟာ မြောက်ကိုရီးယား ဟက်ကာတွေ ဥပမာ - နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Lazarus Group ကို ခိုးယူထားတဲ့ ဒစ်ဂျစ်တယ်ငွေတွေကို သုံးလို့ရတဲ့ ငွေသားအဖြစ် ပြောင်းလဲပေးဖို့ ကူညီပေးနေကြပါတယ်။ ဒါ့အပြင် တရုတ်အခြေစိုက် ကွန်ရက်တွေဟာ ဖန်တနိုင်းလ် မူးယစ်ဆေး ရောင်းချတဲ့ မက္ကဆီကို မူးယစ်ဂိုဏ်းတွေ၊ အရှေ့တောင်အာရှက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးတဲ့ လုပ်ငန်းတွေနဲ့ အလုပ်လုပ်နေတဲ့ ငွေကြေးခဝါချသူတွေကိုလည်း ပံ့ပိုးပေးနေပါတယ်။

တရားမဝင်လုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ အချက်အလက်တွေ အရ၊ တရုတ်ရဲ့ တရားမဝင် စီးပွားရေးဟာ တနှစ်ကို ဝင်ငွေ ဒေါ်လာ ၁ ထရီလီယံနီးပါး ရရှိပါတယ်။ ဒီပမာဏဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ဂျီဒီပီနဲ့ အရွယ်အစား တူညီပါတယ်။ ကမ္ဘာတဝန်း အကောက်ခွန် အာဏာပိုင်တွေ ဖမ်းဆီးရမိတဲ့ အတုအပ ကုန်ပစ္စည်း သုံးပုံနှစ်ပုံခန့်ဟာ တရုတ်နိုင်ငံကနေလာတာ ဒါမှမဟုတ် ဟောင်ကောင်ကနေတဆင့် ဖြတ်သန်းလာတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ မှိုလိုပေါက်လာတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ငွေလိမ်စင်တာ အများစုကိုလည်း တရုတ်ရာဇဝတ်ဂိုဏ်းတွေက လည်ပတ်နေတာ ဒါမှမဟုတ် သူတို့နဲ့ ဆက်နွှယ်နေတာပါ။ ဒီစင်တာတွေဟာ နိုင်ငံပေါင်း အနည်းဆုံး ၆၆ နိုင်ငံက လူပေါင်း ၃ သိန်းကျော်ကို အဓမ္မခိုင်းစေဖို့ လူကုန်ကူးခဲ့ပြီး၊ တနှစ်ကို အမြတ်ငွေ ဒေါ်လာ ၄၀ ဘီလီယံခန့် ရှာဖွေပေးနေပါတယ်။

ပေကျင်း အနေနဲ့ ဒီလုပ်ရပ်တချို့ကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာဆိုရင် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ ကမ်းလွန် လောင်းကစားလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ တရုတ်နိုင်ငံသား ရာနဲ့ချီရဲ့ နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါကြောင့် သူတို့ကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ် ပေးနိုင်တဲ့ ဝရမ်းပြေးတွေ ဖြစ်သွားစေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကစပြီး တရုတ်နဲ့ မြန်မာ ပူးပေါင်းစစ်ဆင်ရေးတွေကြောင့် ဆက်သွယ်ရေး လိမ်လည်မှုနဲ့ သံသယရှိသူ တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရုတ်-မြန်မာ နယ်စပ်တလျှောက်က ငွေလိမ်စင်တာ ဒါဇင်နဲ့ချီကို ပိတ်သိမ်းနိုင်ခဲ့ပြီး ဒီစင်တာတွေကို ဦးဆောင်နေတဲ့ ဂိုဏ်းခေါင်းဆောင်တချို့ကိုလည်း ကွပ်မျက်နိုင်ခဲ့ပါတယ်။ အမေရိကန်ကလည်း ဒီလုပ်ရပ်တွေကို ရပ်တန့်ချင်နေပါတယ်။ ထရမ့်ပ် အစိုးရဟာ အရှေ့တောင်အာရှက ငွေလိမ်စင်တာတွေကို စုံစမ်းစစ်ဆေးဖို့ Scam Center Strike Force ကို ဖွဲ့စည်းခဲ့ပါတယ်။ သမ္မတကလည်း ဆိုက်ဘာရာဇဝတ်မှုတွေကို အစိုးရအနေနဲ့ ဦးစားပေး နှိမ်နင်းဖို့ အမိန့်ပေးစာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလုပ်ဆောင်ချက်တွေရဲ့ ဘယ်ဟာကမှ တရားမဝင် စီးပွားရေးကို သိသိသာသာ လျော့ကျသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ တကယ်တော့ ပိုလို့တောင် ကြီးထွားလာနေပါသေးတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း တစိတ်တပိုင်းကတော့ ဒီတရားမဝင် လုပ်ငန်းတွေကို မောင်းနှင်နေတဲ့ တွန်းအားတွေဟာ တရုတ်ရဲ့ တရားဝင် စီးပွားရေးကို အထောက်အကူပြုနေတဲ့ တွန်းအားတွေနဲ့ အတူတူပဲ ဖြစ်နေလို့ပါ။

တရုတ်နိုင်ငံရဲ့ တင်းကျပ်တဲ့ အရင်းအနှီး ထိန်းချုပ်မှုတွေနဲ့ စက်မှုထုတ်လုပ်နိုင်စွမ်း ပိုလျှံနေမှုတွေကြောင့် ပေါ်ထွက်လာတဲ့ အဓိက ဘဏ္ဍာရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အခြေခံ အဆောက်အအုံတွေကို ရာဇဝတ်ဂိုဏ်းတွေက အလွဲသုံးစား လုပ်လာကြတာပါ။ ပေကျင်းရဲ့ အရေးယူ နှိမ်နင်းမှုတွေက တကယ့်လက်တွေ့ ဖြစ်ပေမဲ့ တရားမဝင် စီးပွားရေးရဲ့ အစိတ်အပိုင်းတချို့ဟာ နိုင်ငံရဲ့ ပိုမိုကြီးမားတဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေကို အထောက်အကူပြုနေတာပါ။ ဒါကြောင့် သေချာစိစစ်ပြီးမှသာ အရေးယူလေ့ရှိပါတယ်။ ဥပမာ- ယူကရိန်းစစ်ပွဲနဲ့ ခပ်ကင်းကင်း နေပြရင်း ရုရှားနဲ့ ကုန်သွယ်မှုကို ဆက်လက် ထိန်းသိမ်းထားတာမျိုးပါ။

ဆက်စပ်မှုမရှိဘူးလို့ ထင်ရတဲ့ ရာဇဝတ်မှုတွေဟာ တရုတ်နိုင်ငံရဲ့ ဟန်ချက်မညီတဲ့ တိုးတက်မှု ပုံစံနဲ့ နိုင်ငံခြားရေးမူဝါဒတို့ကြားမှာ ရှုပ်ထွေးစွာ ရောယှက်နေပါတယ်။ ဝါရှင်တန်ဟာ တရုတ်နဲ့ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရချိန်မှာ၊ ကမ္ဘာလုံးဆိုင်ရာ တရားမဝင် စီးပွားရေးမှာ ပါဝင်နေတဲ့ ပေကျင်းရဲ့ အခန်းကဏ္ဍဟာ ကမ္ဘာတစ်ဝန်းက အမေရိကန်ရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဘက် ဖြစ်စေပါတယ်။

ငွေလမ်းကြောင်းကို ခြေရာခံခြင်း 

တရုတ်ရဲ့ တရားမဝင် စီးပွားရေးကို မောင်းနှင်နေတဲ့ အဓိကအင်အားစုတွေကတော့ နိုင်ငံရဲ့ စီးပွားရေး မော်ဒယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဟန်ချက်မညီမှုတွေပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံး တစ်ခုကတော့ ဘဏ္ဍာရေးပိုင်းပါ။ တင်းကျပ်တဲ့ အရင်းအနှီး ထိန်းချုပ်မှုတွေကြောင့် ငွေတွေကို တရုတ်နိုင်ငံပြင်ပ ထုတ်ယူဖို့ ကြီးမားတဲ့ ဝယ်လိုအားတွေ ဖြစ်ပေါ်လာစေပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်မှုကနေ ဘီလီယံနာ သူဌေးကြီး ၈၀၀ ကျော် အပါအဝင် အံ့မခန်း ချမ်းသာကြွယ်ဝမှုတွေကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမဲ့ ပေကျင်းဟာ ဒီချမ်းသာကြွယ်ဝမှုတွေ နိုင်ငံပြင်ပ ထွက်သွားခွင့် ကန့်သတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ လူတဦးကို တနှစ် နိုင်ငံခြားငွေ ဒေါ်လာ ၅ သောင်းသာ ဝယ်ယူခွင့် ကန့်သတ်ထားပါတယ်။ နိုင်ငံပြင်ပကို ပိုင်ဆိုင်မှုတွေ ပြောင်းရွှေ့ဖို့ ပြည်တွင်းငွေကြေးကို လွတ်လပ်စွာ လဲလှယ်ခွင့် မရှိပါဘူး။ တရုတ်နိုင်ငံတွင်းက ဘဏ်အပ်ငွေတွေကနေ ရတဲ့ အကျိုးအမြတ်ကလည်း နည်းပါးပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ ပိုအကျိုးအမြတ်များတဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုတွေကိုလည်း လှမ်းကိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ငွေတွေကို နိုင်ငံပြင်ပ ပို့ဖို့ နည်းလမ်းပေါင်းစုံ ရှာဖွေလာကြပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး မြေအောက် ဘဏ်လုပ်ငန်းရှင်တွေဟာ တရုတ်ပြည်မကြီးရဲ့ အရင်းအနှီး ထိန်းချုပ်မှုတွေကို ရှောင်ကွင်းဖို့ ဟောင်ကောင်မှာ ဟန်ပြကုမ္ပဏီ (Shell companies) တွေနဲ့ ဘဏ်အကောင့်တွေကို စတင် တည်ထောင်ခဲ့ကြပါတယ်။ ကုန်သွယ်ရေး ကုမ္ပဏီတွေအဖြစ် မကြာခဏ အသွင်ယူထားတဲ့ ဒီကုမ္ပဏီတွေနဲ့ အကောင့်တွေဟာ တရုတ်နိုင်ငံတွင်းကနေ ကောက်ခံရရှိတဲ့ ယွမ်ငွေ တွေကို ပြင်ပနိုင်ငံတွေက ဒေါ်လာတွေနဲ့ လဲလှယ် ရှင်းလင်းပေးပါတယ်။

ဒါ့အပြင် ပွဲစားတွေနဲ့ ငွေကြေး ကြားခံဆောင်ရွက်ပေးသူတွေဟာ ငွေပေးချေမှုတွေကို ပြည်ပက လူတွေဆီ လွှဲပြောင်းပေးပါတယ်။ ဒါမှသာ တရုတ်နိုင်ငံသားတွေ အနေနဲ့ ပြည်ပက အိမ်ခြံမြေတွေ ဝယ်ယူတာ၊ ဒါမှမဟုတ် နိုင်ငံခြား ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်တွေ ရဖို့ ပြည်ပမှာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်နိုင်မှာပါ။ တချိန်တည်းမှာပဲ မကာအိုက ကာစီနိုတွေကို ချမ်းသာတဲ့ ဧည့်သည်တွေ ခေါ်လာပေးတဲ့ ဂျန်ကက် အော်ပရေတာတွေကလည်း ဟောင်ကောင်ဒေါ်လာနဲ့ ချေးငွေတွေ ထုတ်ပေးပါတယ်။ ပြီးတော့ အဲဒီအကြွေးတွေကို တရုတ်ပြည်မကြီးမှာ ယွမ်ငွေနဲ့ ပြန်လည်ကောက်ခံပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်တွင်းမှာ အကြွေးရှင်းနိုင်ပြီး ပြည်ပမှာ နိုင်ငံခြားငွေ ရရှိသွားတဲ့အတွက် အကြီးစား ငွေကြေးခိုးထုတ်မှုတွေကို လွယ်ကူစေခဲ့ပါတယ်။

တရုတ် သူဌေးတွေရဲ့ ငွေတွေကို ရွှေ့ပြောင်းဖို့ တည်ဆောက်ထားတဲ့ အဲဒီမြေအောက် ဘဏ်လုပ်ငန်း ကွန်ရက်တွေကိုပဲ ရာဇဝတ်ဂိုဏ်းတွေက အသုံးချလာကြပါတယ်။ သူတို့လည်း ငွေတွေကို နယ်စပ်ဖြတ်ကျော် လွှဲပြောင်းဖို့နဲ့ ငွေရလမ်း အရင်းအမြစ်တွေကို ဖုံးကွယ်ဖို့ လိုအပ်နေလို့ပါ။ ဥပမာ- မူးယစ်ဂိုဏ်းတွေဟာ သူတို့ရဲ့ ဝင်ငွေတွေကို ငွေကြေးခဝါချဖို့ ဒီကွန်ရက်တွေကို အသုံးပြုကြပါတယ်။ ငွေကြေး ကြားခံဆောင်ရွက်ပေးသူတွေက ပိုနေတဲ့ ဒေါ်လာတွေကို ဖျောက်ချင်နေတဲ့ မူးယစ်ဆေး မှောင်ခိုသမားတွေနဲ့ ပြည်ပမှာ ဒေါ်လာ လိုချင်နေတဲ့ တရုတ် ဖောက်သည်တွေကို ချိတ်ဆက်ပေးပါတယ်။ ဒီလို ကွန်ရက်မျိုးတွေဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ကွင်းပြီး တရုတ်ကုန်ပစ္စည်း ပေးသွင်းသူတွေကိုလည်း ကူညီပေးနေပါတယ်။ ဥပမာ- ခဲယမ်းမီးကျောက်တွေ လုပ်ဖို့ ရုရှားကို နိုင်ထရိုဆဲလ်လူးလို့စ်ရောင်းချတာ၊ ဒါမှမဟုတ် ဒုံးကျည် တွန်းကန်အားအတွက် အသုံးပြုတဲ့ ဆိုဒီယမ် ပါကလိုရိတ်ကို အီရန်ကို ရောင်းချတာမျိုးတွေ ဖြစ်ပါတယ်။

ငွေကြေး ကြားခံဆောင်ရွက်ပေးသူတွေနဲ့ ရာဇဝတ် ငွေလိမ်လုပ်ငန်းတွေဟာ ပိုမိုနီးကပ်စွာ ပူးပေါင်းလာကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်တွေကို ခွဲခြားသိမြင်ဖို့နဲ့ နှိမ်နင်းဖို့ ပိုခက်ခဲလာပါတယ်။ တရုတ်နိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကမ်ပိန်းလိုမျိုး နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ကာစီနို ဂျန်ကက် အော်ပရေတာတွေနဲ့ မြေအောက် ငွေကြေးလုပ်ငန်းရှင်တွေဟာ ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးက သူတို့ရဲ့ အခြေစိုက် စခန်းတွေကနေ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နဲ့ တခြား အရှေ့တောင်အာရှနိုင်ငံတွေဆီ ရွှေ့ပြောင်းသွားခဲ့ရပါတယ်။

အဲဒီနေရာတွေမှာ သူတို့ဟာ စီးပွားရေးနဲ့ နိုင်ငံရေး အဆက်အသွယ်တွေ ရှိပြီးသား ရာဇဝတ် ကွန်ရက်တွေနဲ့ သွားရောက် ပူးပေါင်းခဲ့ကြပါတယ်။ ငွေလိမ်ဂိုဏ်းတွေက ဝင်ငွေရှာပေးပြီး၊ မြေအောက် ငွေကြေးလုပ်ငန်းရှင်တွေက အဲဒီငွေတွေကို ငွေကြေးခဝါချပေးပါတယ်။ အဲဒီငွေတွေကို တရုတ်ဖောက်သည်တွေ ပြည်ပကို ငွေထုတ်တဲ့ လမ်းကြောင်းတွေကနေပဲ ရွှေ့ပြောင်းပေးကြပါတယ်။

၂၀၂၃ ခုနှစ်က စင်ကာပူမှာ လုပ်ခဲ့တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး တခုမှာ ဘဏ္ဍာရေး လမ်းကြောင်းတွေနဲ့ ငွေလိမ်ကွန်ရက်တွေ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ရောယှက်နေသလဲ ဆိုတာကို တွေ့ခဲ့ရပါတယ်။ အာဏာပိုင်တွေဟာ ကွန်ဒိုတွေ၊ ရွှေတွေ၊ ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ ဘဏ်အကောင့်တွေကို သိမ်းဆည်းခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော် ရှိပါတယ်။ လူ ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး အားလုံးဟာ မူလက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့အများစုဟာ ကမ္ဘောဒီးယား၊ ဆိုက်ပရပ်စ်၊ တူရကီ ဒါမှမဟုတ် ဗာနူအာတူ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကြပါတယ်။ အဲဒီကွန်ရက်က အဖွဲ့ဝင်တွေဟာ ပြည်ပက ငွေလိမ်လုပ်ငန်းတွေ၊ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတယ်လို့ စင်ကာပူ ရဲတပ်ဖွဲ့က ခြေရာခံ မိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စက်မှုထုတ်လုပ်နိုင်စွမ်း ပိုလျှံနေမှုကလည်း တရားမဝင် လုပ်ငန်းတွေ တည်ဆောက်ဖို့နဲ့ လည်ပတ်ဖို့ ကုန်ကျစရိတ်တွေကို လျော့ကျသွားစေပါတယ်။ ၂၀၂၁ ခုနှစ်က စပြီး တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက် ကျဆင်းသွားတဲ့အတွက် သံမဏိ၊ ဘိလပ်မြေနဲ့ တခြား ဆောက်လုပ်ရေး ပစ္စည်းတွေ အပေါ် ပြည်တွင်း ဝယ်လိုအား ကျဆင်းသွားပါတယ်။ တရုတ်ကနေ ပိုလျှံပြီး တင်ပို့လိုက်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေး ဝန်ဆောင်မှုတွေဟာ အရှေ့တောင်အာရှက ကာစီနိုတွေ၊ အထူးစီးပွားရေးဇုန်တွေနဲ့ ငွေလိမ်စင်တာတွေကို အလျင်အမြန် တည်ဆောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ရဲ့ ပို့ကုန်ဝင်ငွေကိုလည်း အထောက်အကူပြုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြီးမားလှတဲ့ အီလက်ထရောနစ် စက်မှုလုပ်ငန်းကနေ ထွက်လာတဲ့ စျေးပေါတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ပိုလျှံနေမှုကလည်း ရာဇဝတ် ကွန်ရက်တွေအတွက် အကြီးစား ငွေလိမ်လုပ်ငန်းတွေ လုပ်ဖို့ တွက်ခြေကိုက်သွားစေပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ မြန်မာစစ်တပ်က နိုင်ငံရဲ့ အကြီးဆုံး ငွေလိမ်စင်တာ တခုဖြစ်တဲ့ ရွှေကုက္ကိုကို ဝင်ရောက်စီးနင်းတဲ့အခါ၊ နေရာတနေရာတည်း ကနေတင် မိုဘိုင်းဖုန်း အလုံးရေ ၁၀,၀၀၀ နီးပါး သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီဖုန်း အများစုဟာ တရုတ်နိုင်ငံလုပ်တွေ ဖြစ်ဖို့များပါတယ်။ တရုတ်နိုင်ငံရဲ့ ရေနံသန့်စင်ရေး ကဏ္ဍမှာ ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေတာ ကလည်း စျေးလျှော့ရောင်းတဲ့ အီရန် ရေနံစိမ်းကို ပုဂ္ဂလိက ရေနံသန့်စင်စက်ရုံတွေအတွက် အထူး ဆွဲဆောင်မှု ရှိစေပါတယ်။

ကုန်ကျစရိတ်ကင်းလွတ်သော သံတမန်ရေး 

တရုတ်အစိုးရက ရံဖန်ရံခါ အရေးယူ နှိမ်နင်းမှုတွေ လုပ်ပေမဲ့၊ တရုတ်အစိုးရ အဆင့်ဆင့်က ခေါင်းဆောင်တွေဟာ တရားမဝင် စီးပွားရေးကနေ အကျိုးအမြတ် ရနေတဲ့အတွက် ဒါကို ရပ်တန့်ဖို့ ခက်ခဲနေပါတယ်။ ဒေသဆိုင်ရာ အရာရှိတွေက သူတို့ရဲ့ စီးပွားရေးကို လည်ပတ်စေတဲ့ စီးပွားရေးအရ တန်ဖိုးရှိတဲ့ ကုမ္ပဏီတွေနဲ့ ငွေကြေးစီးဆင်းမှုတွေကို ကာကွယ်ချင်ကြပါတယ်။ အဲဒီလုပ်ငန်းတွေဟာ တရားမဝင် လုပ်ငန်းတွေ လုပ်နေရင်တောင်မှ ကာကွယ်ပေးချင်ကြတာပါ။

ပေကျင်း အနေနဲ့လည်း သံသယဖြစ်စရာကောင်းတဲ့ ငွေကြေးနဲ့ ကုန်ပစ္စည်း စီးဆင်းမှုတွေဟာ သူတို့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို အထောက်အကူပြုနေရင် မျက်နှာလိုက် သည်းခံပေးလေ့ရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေကလည်း အခန်းကဏ္ဍ တခုကနေ ပါဝင်နေပါတယ်။ ပြည်တွင်း ပြည်ပမှာ လွှမ်းမိုးမှု တည်ဆောက်ဖို့ ပါတီရဲ့ ယန္တရားဖြစ်တဲ့ United Front နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တချို့အပြင် နိုင်ငံရပ်ခြားရောက် တရုတ်အသင်းအဖွဲ့ တချို့က အဖွဲ့ဝင်တွေဟာ ပြည်ပမှာ စီးပွားရေး လုပ်နေတဲ့ ရာဇဝတ် ကွန်ရက်တွေနဲ့ ထပ်တူကျနေတတ်ပါတယ်။ ဒါက သူတို့ကို အိမ်ရှင်နိုင်ငံတွေက နိုင်ငံရေး အထက်တန်းလွှာတွေဆီ ဝင်ထွက်နိုင်တဲ့ ကွန်ရက်တွေ ရရှိစေပြီး၊ နိုင်ငံခြားမှာ ပေကျင်းလိုလားတဲ့ လွှမ်းမိုးမှု တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်လာစေပါတယ်။

စီးပွားရေး တိုးတက်အောင် လုပ်ပြဖို့ တွန်းအားပေးခံနေရတဲ့ ပြည်နယ်အစိုးရ ခေါင်းဆောင်တွေဟာ၊ အဲဒီစီးပွားရေး တိုးတက်မှုက တရားဝင် စီးပွားရေးကနေ လာတာပဲဖြစ်ဖြစ်၊ တရားမဝင် စီးပွားရေးကနေ လာတာပဲဖြစ်ဖြစ် အကျိုးအမြတ် ရရှိကြပါတယ်။ ဥပမာ - ဖူကျီယန် ပြည်နယ်က နင်တယ်မြို့ အရာရှိတွေဟာ ဘက်ထရီထုတ်လုပ်တဲ့ ကုမ္ပဏီ CATL ကို ကျောထောက်နောက်ခံ ပေးခဲ့ပြီး၊ စက်မှုလုပ်ငန်း တိုးတက်ဖို့အတွက် အဲဒီကုမ္ပဏီ ပတ်လည်မှာ စက်မှုဇုန်တခုကို တည်ဆောက်ခဲ့ပါတယ်။

ဆန့်ကျင်ဘက် အနေနဲ့ အန်ရှီးခရိုင်မှာတော့ စီးပွားရေး အခွင့်အလမ်း နည်းပါးပေမဲ့ တရားမဝင် ငွေကြေးလမ်းကြောင်းတွေနဲ့ အချိတ်အဆက် ရှိနေတဲ့ ဒေသခံ အော်ပရေတာတွေဟာ ကြီးမားကျယ်ပြန့်တဲ့ ဆက်သွယ်ရေး ငွေလိမ်ကွန်ရက် တခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒီကွန်ရက်ဟာ နောက်ပိုင်းမှာ အရှေ့တောင်အာရှအထိ ကျယ်ပြန့်သွားခဲ့ပါတယ်။ နင်တယ်နဲ့ အန်ရှီး နှစ်မြို့စလုံးဟာ ဖူကျီယန်ပြည်နယ်ရဲ့ ပိုမိုကျယ်ပြန့်တဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရွှေ့ပြောင်းသွားလာရေးနဲ့ ဘဏ္ဍာရေး ကွန်ရက်တွေထဲမှာ အမြစ်တွယ်နေကြတာပါ။ ဒါပေမဲ့ ရလဒ်ကတော့ လုံးဝ ကွာခြားသွားပါတယ်။ တမြို့က ကမ္ဘာ့အဆင့်မီ စက်မှုဇုန် ဖြစ်လာပြီး၊ နောက်တမြို့ကတော့ တရားမဝင် နိုင်ငံဖြတ်ကျော် စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာခဲ့ပါတယ်။ ဖြစ်စဉ် နှစ်ခုစလုံးမှာ ခေါင်းဆောင်တွေကတော့ စီးပွားရေး တိုးတက်မှု မြင့်မားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ကြပါတယ်။

တရားမဝင် စီးပွားရေး လုပ်ငန်းတွေကို ဒေသခံတွေက ထောက်ခံပေးတာဟာ ပေကျင်းရဲ့ နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်တွေကိုလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ရုရှားနဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်တို့ကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၃၂ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ပိုမိုကျယ်ပြန့်တဲ့ ကူးသန်းရောင်းဝယ်ရေး ဆက်ဆံရေးရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ ယူကရိန်းစစ်ပွဲမှာ ရုရှား သုံးနိုင်တဲ့ စက်ယန္တရားတွေ၊ မိုက်ခရိုအီလက်ထရောနစ်တွေနဲ့ နှစ်မျိုးသုံး ကုန်ပစ္စည်းတွေကို ရုရှားကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီလို ရောင်းချမှု တချို့ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ အဖွဲ့အစည်းတွေဆီ ရောက်သွားတာပါ။

ပေကျင်းကတော့ ဒီလို ကုန်သွယ်မှုတွေကို သာမန် အရောင်းအဝယ်တွေလို့ ပြောပါတယ်။ ဒါပေမဲ့ ပြည်နယ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ကနေတဆင့် ဒီလို ကုန်သွယ်တာဟာ ရည်ရွယ်ချက်ရှိပါတယ်၊၊ ဖြစ်လာနိုင်တဲ့ ပိတ်ဆို့အရေးယူမှုတွေက နိုင်ငံတော်အစိုးရ အပေါ်ကို မကျရောက်ဘဲ ကြားခံကုမ္ပဏီတွေ အပေါ်ကိုသာ ကျရောက်စေဖို့ လုပ်ထားတာပါ။ တရားဝင် နိုင်ငံတော် အဖွဲ့အစည်းတွေ မဟုတ်ဘဲ၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးက ပုဂ္ဂလိက ပွဲစားတွေ၊ ဟန်ပြကုမ္ပဏီတွေနဲ့ ငွေကြေး ကြားခံဆောင်ရွက်ပေးသူတွေကသာ အီရန် ရေနံဝယ်ယူမှုတွေနဲ့ မြောက်ကိုရီးယားရဲ့ ဒစ်ဂျစ်တယ်ငွေကြေး ပြောင်းလဲမှုတွေကို ရှင်းလင်းဆောင်ရွက်ပေးနေတာပါ။ ဒါဟာလည်း အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တဲ့ အရောင်းအဝယ်တွေကနေ ပေကျင်းကို ကင်းလွတ်ခွင့် ရစေပါတယ်။

ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တချို့မှာဆိုရင် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ တရုတ် ထောက်လှမ်းရေး အေဂျင်စီတွေကြားမှာ တိုက်ရိုက် အဆက်အသွယ်တွေတောင် ရှိနိုင်ပါတယ်။ သူတို့ရဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေကနေတစ်ဆင့် ဂိုဏ်းခေါင်းဆောင်တွေဟာ တခြားနိုင်ငံတွေက အာဏာရ ပါတီတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ ပြီးတော့ တရုတ်ရဲ့ တရားဝင် သံရုံးတွေ အလွယ်တကူ မရနိုင်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ နီးကပ်မှု၊ သတင်းအချက်အလက်တွေ ရရှိမှုတွေကိုလည်း ရယူနိုင်ပါတယ်။

ထင်ရှားတဲ့ ဥပမာတခုကတော့ မြန်မာနိုင်ငံက ရွှေကုက္ကိ ငွေလိမ်စင်တာကို တည်ထောင်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် ရှီကျစ်ကျန်းပါပဲ။ သူဟာ ဘန်ကောက် မှာ တရားခံလွှဲပြောင်းပေးရေးကို ရင်ဆိုင်နေရချိန်မှာ၊ တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်က မြို့နယ်လေး တမြို့ရဲ့ မြို့တော်ဝန် အဲလစ်ဂေါ်ဟာ တရုတ်နိုင်ငံသူဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်တွေက သတ်မှတ်ထားပြီး၊ သူဟာ တရုတ်အစိုးရရဲ့ သူလျှို ဖြစ်တယ်လို့လည်း ရှီကျစ်ကျန်းက စွပ်စွဲခဲ့ပါတယ်။ အွန်လိုင်း လောင်းကစား လုပ်ငန်း လည်ပတ်မှုမှာ ပါဝင်ခဲ့တဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် အစိုးရက သူ့ကို တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

အခြေအနေ တချို့မှာတော့ ပေကျင်းဟာ တရားမဝင် လုပ်ရပ်တွေကို နှိမ်နင်းဖို့ ဆန္ဒရှိပါတယ်။ တရုတ်နိုင်ငံသားတွေဟာ မြန်မာနယ်စပ်က ငွေလိမ်စင်တာတွေမှာလိုမျိုး ပြန်ပေးဆွဲခံရတာ ဒါမှမဟုတ် လိမ်လည်ခံရတာမျိုး ကြုံလာရရင် တရုတ် အာဏာပိုင်တွေက အလျင်အမြန် လှုပ်ရှားပြီး ဖမ်းဆီးမှုတွေ လုပ်ပါတယ်။ အလားတူပဲ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေဟာ တခြားနိုင်ငံတွေနဲ့ ပေကျင်းရဲ့ ဆက်ဆံရေးကို အဟန့်အတား ဖြစ်စေနိုင်တဲ့ နိုင်ငံတကာ ပြဿနာတွေ ဖြစ်လာတဲ့အခါမှာလည်း အရေးယူတတ်ပါတယ်။ ဒါမှမဟုတ် သူတို့ကို အကာအကွယ်ပေးနေတဲ့ နိုင်ငံရေးသမားတွေ ပြုတ်ကျသွားပြီး သူတို့ကို ဖမ်းဆီးဖို့ နိုင်ငံရေးအရ အဖိုးအခ နည်းပါးသွားတဲ့အခါမျိုးမှာ ပေကျင်းက အရေးယူပါလိမ့်မယ်။

ဥပမာ - ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်က အရှေ့တောင်အာရှရဲ့ အကြီးဆုံး ရာဇဝတ် စီးပွားရေးလုပ်ငန်းစုကြီး တခုဖြစ်တဲ့ Prince Group ရဲ့ နောက်ကွယ်က တရုတ်နွယ်ဖွား ခေါင်းဆောင် ချန်ကျစ်ကို တရားစွဲဆိုခဲ့ပါတယ်။ နိုင်ငံပေါင်းစုံက သူနဲ့ ပတ်သက်နေတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ ဒါမှမဟုတ် သိမ်းဆည်းတာတွေ လုပ်ပြီးနောက်မှာတော့၊ တရုတ်က သူ့ကို ဖမ်းဆီးဖို့ တောင်းဆိုခဲ့ပြီး ကမ္ဘောဒီးယားကနေ တရားခံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ချန်ကျစ်လို ရာဇဝတ်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံမှာပဲ တရားစီရင်တာဟာ ပေကျင်းအတွက်တော့ အကောင်းဆုံး ရလဒ်ပါပဲ။ ဒါဟာ နိုင်ငံခြားသားတွေကို တရုတ်က ဥပဒေ စိုးမိုးရေး လုပ်နေတယ်ဆိုတာ ပြသနိုင်သလို၊ တခြားနိုင်ငံက တရားခွင်တွေမှာ အစိုးရနဲ့ ပတ်သက်နေတဲ့ သက်သေထွက်ဆိုချက်တွေ ထွက်ပေါ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်လို့ပါ။

ကြိုးကိုတင်းကျပ်ခြင်း 

ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ ပေကျင်းနဲ့ ဝါရှင်တန်တို့ဟာ တရားမဝင် လုပ်ရပ်တွေကို တိုက်ဖျက်ဖို့ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်။ တရုတ်နိုင်ငံဟာ မြေအောက် ဘဏ်လုပ်ငန်း ကွန်ရက်တွေကနေ နိုင်ငံထဲက အရင်းအနှီးတွေ ထွက်သွားတာကို မလိုလားပါဘူး။ ပေကျင်းရဲ့ 'Sky Net' လို့ခေါ်တဲ့ ပြည်တော်ပြန်ပို့ရေး စစ်ဆင်ရေးတွေဟာ ၂၀၁၅ ခုနှစ်ကတည်းက အကျင့်ပျက် အရာရှိတွေနဲ့ စီးပွားရေးအရ ဝရမ်းပြေး ထောင်ပေါင်းများစွာကို လိုက်လံဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်ပို့နေတာပါ။ ဒါဟာ ငွေတွေကို ပြည်ပပို့ဖို့နဲ့ ပြည်ပက ပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ဖို့ အခြေခံအဆောက်အအုံတွေ ရှိနေတာက တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုကို ဟန့်တားနေတယ်ဆိုတာကို အတိအလင်း ဝန်ခံလိုက်တာပါပဲ။

အမေရိကန်နဲ့ တရုတ်တို့ အဆင့်မြင့် ဆွေးနွေးပွဲတွေ ဆက်လုပ်နေချိန်မှာ၊ တရားမဝင် စီးပွားရေးရဲ့ ငွေကြေးဆိုင်ရာ တည်ဆောက်ပုံတွေကို ကန့်သတ်တာဟာ သံတမန်ရေးအရ နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ အခွင့်အရေးတခုပါ။ သူတို့ရဲ့ သက်ဆိုင်ရာ ငွေကြေး ထောက်လှမ်းရေး အဖွဲ့တွေက ဖော်ထုတ်ထားတဲ့ ဟန်ပြကုမ္ပဏီတွေအကြောင်း သတင်းအချက်အလက် ဖလှယ်တာကနေ စတင်နိုင်ပါတယ်။ ပြီးတော့ အကြီးဆုံး မြေအောက် ဘဏ်ကွန်ရက်တွေကို ပူးပေါင်းနှိမ်နင်းတာတွေ လုပ်နိုင်ပါတယ်။ ဒီလို အစီအစဉ်မျိုးဟာ ဖန်တနိုင်းလ်မူးယစ်ဆေး မှောင်ခိုကူးမှုကို တိုက်ဖျက်ဖို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက နိုင်ငံနှစ်ခု ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့တာနဲ့ ဆင်တူပါလိမ့်မယ်။

ဒါပေမဲ့ ပေကျင်းက ပြဿနာကို ဖြေရှင်းဖို့ အဆင်သင့် မဖြစ်သေးတာ ဒါမှမဟုတ် ဆန္ဒမရှိတဲ့ တခြားကဏ္ဍတွေမှာတော့ ဝါရှင်တန်အနေနဲ့ ကိုယ်ပိုင် နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။

အရှေ့တောင်အာရှနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ အကျိုးစီးပွားတူ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ ထိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ဝါရှင်တန်က အဖွဲ့အစည်းပုံစံ တည်ဆောက်နိုင်ပါတယ်။ တရုတ်နဲ့ ဆက်နွှယ်နေတဲ့ တရားမဝင် ငွေကြေးကွန်ရက်တွေလို့ သတ်မှတ်ထားတဲ့ ငွေလွှဲပြောင်းမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မျှဝေဖို့ အမြဲတမ်း အစီအစဉ်တခုကနေ တဆင့် လုပ်ဆောင်နိုင်ပါတယ်။

ဒီလို ငွေစီးဆင်းမှုတွေကို ခြေရာခံဖို့ ပူးပေါင်းလုပ်ဆောင်တာဟာ နိုင်ငံတကာ ရာဇဝတ်ကောင်တွေ အနေနဲ့ တရားစီရင်ပိုင်ခွင့် တခုတည်းထက် ကျော်လွန်ပြီး သူတို့ရဲ့ ခြေတံတွေ ဆန့်ထုတ်နိုင်မဲ့ အခွင့်အရေးကို လျှော့ချနိုင်ပါလိမ့်မယ်။ အစိုးရအချင်းချင်း ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ဟာ နယ်စပ်ဖြတ်ကျော် ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်ဖို့ စံနှုန်းတွေ ချမှတ်ထားပါတယ်။ လိုအပ်နေတာကတော့ တရုတ်နဲ့ ဆက်နွှယ်နေတဲ့ တရားမဝင် ငွေကြေးကွန်ရက်တွေရဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေကို စနစ်တကျ မျှဝေဖို့ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေ အကြားက နိုင်ငံရေး ကတိကဝတ်ပါပဲ။ အစိုးရတွေအနေနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများ နှိမ်နင်းရေးကွန်ရက် (FinCEN) နဲ့ မဟာမိတ် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့တွေက ကောက်ယူထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဒီကွန်ရက်တွေနဲ့ ဆက်နွှယ်နေတဲ့ ငွေလွှဲပြောင်းမှုတွေကို ဖော်ထုတ်နိုင်ပါတယ်။ အမြဲတမ်း အစီအစဉ် တရပ်က ဒီကတိကဝတ်ကို ပုံမှန် လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေးဥပဒေ (U.S.A. Patriot Act) ရဲ့ ပုဒ်မ ၃၁၁ ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီပုဒ်မက ဘဏ္ဍာရေးဝန်ကြီးကို နိုင်ငံခြားဘဏ္ဍာရေး အဖွဲ့အစည်းတခုကို "ငွေကြေးခဝါချမှု အဓိက စိုးရိမ်ရသည့်" အဖွဲ့အစည်းအဖြစ် သတ်မှတ်ခွင့် ပေးထားပြီး၊ အမေရိကန်နိုင်ငံတွင်းက အကောင့်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်နိုင်ပါတယ်။

အီရန်ရေနံ ဝယ်ယူမှုတွေကို လွယ်ကူစေတဲ့၊ မူးယစ်ဂိုဏ်းတွေရဲ့ ဝင်ငွေတွေကို ငွေကြေးခဝါချပေးတဲ့ ဒါမှမဟုတ် ခိုးယူထားတဲ့ ဒစ်ဂျစ်တယ်ငွေတွေကို သုံးလို့ရတဲ့ ငွေအဖြစ် ပြောင်းလဲပေးတဲ့ တရုတ်နဲ့ ဟောင်ကောင်က ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ဝါရှင်တန်အနေနဲ့ ဒီပုဒ်မနဲ့ အရေးယူနိုင်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဒီလုပ်ပိုင်ခွင့်ကို အသုံးပြုဖို့ ဆန္ဒရှိကြောင်း ပြသခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယားအတွက် ငွေကြေးလမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ တရုတ်ဘဏ်တခုကို ပုဒ်မ ၃၁၁ နဲ့ အရေးယူခဲ့ပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာလည်း မြောက်ကိုရီးယား ဆိုက်ဘာခိုးယူမှုတွေနဲ့ အရှေ့တောင်အာရှက ငွေလိမ်စင်တာတွေနဲ့ ဆက်နွှယ်နေတဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ကမ္ဘောဒီးယားက Huione Group ကို အမေရိကန် ဘဏ္ဍာရေးစနစ်ကနေ ဖြတ်တောက်မဲ့ အပြီးသတ် စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ လုပ်ဆောင်ချက်တွေက ပိတ်ဆို့အရေးယူခံထားရတဲ့ အီရန်ရေနံကနေ တနှစ်ကို ဒေါ်လာ ဘီလီယံ သောင်းနဲ့ချီတဲ့ ဝင်ငွေတွေကို ကိုင်တွယ်နေတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ကုန်ကျစရိတ်တွေ ကြီးမားသွားစေနိုင်ပါတယ်။

အချိန်အတော်ကြာတဲ့အထိ အမေရိကန်ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ ဦးစားပေးတွေကို ထိခိုက်စေတဲ့ တရားမဝင် လုပ်ရပ်တွေကို လျစ်လျူရှုထားခဲ့ပါတယ်။ အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပေမဲ့လည်း တရုတ်က အီရန်ရေနံ ဝယ်ယူနေတာကို တားဆီးဖို့ ဝါရှင်တန် ပျက်ကွက်ခဲ့ပါတယ်။ ဒါဟာ အစ္စလာမ္မစ် သမ္မတနိုင်ငံ (အီရန်) ဆီ ငွေတွေ မရောက်အောင် ကန့်သတ်မဲ့ ကြိုးပမ်းမှုတွေကို အချည်းနှီး ဖြစ်စေခဲ့ပါတယ်။

မြောက်ကိုရီးယား ဟက်ကာတွေ ခိုးယူပြီး တရုတ် ငွေကြေး ကြားခံတွေကတဆင့် ငွေကြေးခဝါချထားတဲ့ ဒစ်ဂျစ်တယ်ငွေတွေဟာ ပြုံယမ်းရဲ့ လက်နက် အစီအစဉ်တွေအတွက် ရန်ပုံငွေတွေ ထောက်ပံ့ပေးနေပြီး နိုင်ငံတကာ လက်နက်ပြန့်ပွားမှု တားဆီးရေး မူဝါဒကို ထိခိုက်စေပါတယ်။ အရှေ့တောင်အာရှဒေသမှာ တည်ဆောက်ထားတဲ့ ငွေလိမ်စင်တာတွေဟာ အခုအခါမှာ အမေရိကန်နိုင်ငံသားတွေ အပါအဝင် ကမ္ဘာတဝန်းက ခံရသူတွေဆီကနေ တနှစ်ကို ဒေါ်လာ ဘီလီယံ သောင်းနဲ့ချီပြီး ယူငင်နေကြပါတယ်။

တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဟန်ချက်မညီမှုတွေက ဒီတရားမဝင် စီးပွားရေး လုပ်ငန်းတွေကို လောင်စာ ဖြည့်ပေးနေတာပါ။ တကယ်လို့ အမေရိကန်သာ တရုတ်နဲ့ ယှဉ်ပြိုင်ချင်ပြီး တရုတ်ရဲ့ စီးပွားရေး တိုးတက်လာမှုကနေ ဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေကို တုံ့ပြန်ချင်တယ်ဆိုရင်၊ တရားဝင် စာရင်းဝင်နေတဲ့ အရာတွေကိုရော၊ စာရင်းမဝင်တဲ့ (တရားမဝင်) အရာတွေကိုပါ ကိုင်တွယ် ဖြေရှင်းရပါလိမ့်မယ်။

အယ်လ်ဗင်ကမ်ဘာ

Source: Foreign Affairs 

(Foreign Affairs  မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Alvin Camba ရေးသားထားသည့်  “Why Criminals Love the Chinese Economy And Why Beijing Can’t or Won’t Crack Down” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013