DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ရေပိုက်လုံးထဲ ဝင်ပုန်းနေသော မြန်မာ ၉ ဦး ဖမ်းဆီးခံရ
DVB
·
July 17, 2026
Photo: Kanchanaburi News
Photo: Kanchanaburi News
Donate to DVB

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ထဲမှာ ရဲအဖမ်းခံရမှာကိုကြောက်လို့ ရေပိုက်လုံးကြီးထဲ ဝင်ပုန်းနေတဲ့ တရားမဝင် မြန်မာ ၉ ယောက် အဖမ်းခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇူလိုင် ၁၅ ရက်က ချွန်းဖွန်းမြို့နယ်၊ ဘန်လိုတ်အုပ်စု ဆာမ်ကယောက်တောင်တက်လမ်း ဆည်မြောင်းရုံးအနီးက ၂ ဖက်ပွင့် ပိုက်လုံးကြီးထဲမှာ မသင်္ကာတဲ့လူတစု ပုန်းအောင်းနေကြောင်း ရွာသားတွေက အကြောင်းကြားတာကြောင့် ဘန့်လိုတ်ရွာသူကြီး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ ချွန်းဖွန်းမြို့နယ် အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါနေရာမှာ အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၄ ယောက် အထုပ်အပိုးတွေနဲ့ ပုန်းခိုနေတာတွေ့လို့ လမ်းပေါ်ခေါ်ထုတ်ပြီး ဘာသာပြန်နဲ့တဆင့် မေးမြန်းချက်အရ သူတို့ဟာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ကဖြစ်ပြီး မလေးရှားနိုင်ငံကို ဆက်သွားဖို့ ပွဲစားအဆက်အသွယ်နဲ့ ဝင်ရောက်လာတယ်။ ပွဲစားခ တယောက်ကို ထိုင်းဘတ် ၃၆,၀၀၀ စီ ပေးရပြီး မြန်မာပြည် ဘုရားသုံးဆူဘက်ကနေ ကန်ကျနပူရီဘက်ကို ဝင်ရောက်လာတယ်၊ အဲဒီကနေ ပွဲစားက ကားနဲ့ လာကြိုပြီး အဆိုပါပိုက်လုံးအနီးမှာ ချထားပေးခဲ့တယ်၊ အဲဒီကနေ နောက်ထပ်ကားပြောင်းစီးဖို့ ကားလာကြိုမှာကို စောင့်ဆိုင်းနေစဉ် ခုလို ဖမ်းဆီးခံရတာလို့ ထွက်ဆိုသွားပါတယ်။

တာဝန်ရှိသူတွေက သူတို့အား လဝကဥပဒေနဲ့ အရေးယူဖို့ ချွန်းဖွန်းရဲစခန်းကို ပို့ဆောင်လိုက်ပြီး တဖက်ကလည်း ငွေလွှဲလမ်းကြောင်းကနေတဆင့် ပါဝင်ပတ်သက်တဲ့ ပွဲစားတွေကို စုံစမ်းဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး မတည်ငြိမ်မှုတွေကြောင့် တိုင်းသူပြည်သားတွေ နေ့စဉ်လို ပြည်ပထွက်ပြီး လုပ်ကိုင်စားသောက်ရတာမှာ တရားမဝင် ဝင်ရောက်မှုတွေကြောင့် အဖမ်းခံရတာလည်း နေ့စဉ်လို ရှိနေပါတယ်။

ဇူလိုင်  ၁၆ ရက်မှာလည်း တာ့ခ်ခရိုင် ဝမ်းကယောက်မြို့နယ် ဖာဖူးရွာ လမ်းမပေါ်မှာ သံသယရှိတဲ့ ကား ၂ စီးကို တာဝန်ရှိသူတွေက တားဆီးစစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာ ၂၃ ယောက် (အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၉ ယောက်) တို့ကို ယာဉ်မောင်း (လမ်းပြ) ၂ ယောက်နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

ဇူလိုင် ၁၆ တနေ့တည်းမှာပဲ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စုထဲမှာလည်း ကျွဲကောသီးခြံထဲ ခြေလျင်လျှောက်ဝင်ရောက်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၂၂ ယောက်နဲ့ လမ်းပြ ၁ ယောက်တို့ ဖမ်းဆီးခံခဲ့ရတယ်လို့  ထိုင်းသတင်းတွေအရ သိရပါတယ်။

Source: Police TV / CH7 News / Thai PBS North / Kanchanaburi News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013