
မြန်မာကောက်ညှင်းကို တရုတ်နိုင်ငံက အမည်ပျက်စာရင်းသွင်းလိုက်ပြီးနောက် ပြည်ပတင်ပို့ဖို့ ခက်ခဲလာတယ်လို့ ကောင်ညှင်း စိုက်တောင်သူတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံကိုတင်ပို့တဲ့ ကောက်ညှင်းဖြူဆန်ကွဲထဲမှာ ဆန်ချော ဆန်ကွဲတွေ ရောပို့လို့ဆိုပြီး မြန်မာကောက်ညှင်းကို တရုတ်နိုင်ငံဘက်က အမည်ပျက်စာရင်းသွင်းခဲ့တာပါ။
၂၀၂၅ မိုးစပါးမတိုင်ခင်မှာ ကောက်ညှင်းတင်ပို့မှုက ကြိုးကြားကြိုးကြားရှိခဲ့ပြီး ဈေးကွက်ကောင်းမွန်ခဲ့လို့ ကောက်ညှင်းပိုစိုက်ခဲ့ပေမဲ့ အမည်ပျက်စာရင်း အသွင်းခံရပြီးတဲ့နောက် ကောက်ညှင်းဈေးကွက် အခြေအနေကို ကိုယ်တိုင်စိုက်ပျိုးခဲ့သူတယောက်က ပြောပြပါတယ်။
“အခုဟာက ကောက်ညှင်းရဲ့ ပို့ကုန်သမားတွေ ပြန်ပြောပြချက်က ကောက်ညှင်းဆန်ကို တရုတ် ပြည်က မဝယ်ဘူး။ ကောက်ညှင်းဆန်ကွဲတွေကို ဝယ်တယ်။ ကျနော်တို့ နိုင်ငံကနေ စာချုပ်တွေ ချုပ်ပြီး ရောင်းတယ်။ ပြီးခဲ့တဲ့နှစ်က ကောက်ညှင်းထဲမှာ ဆန်အချော ဆန်ကွဲတွေကို ရောရောင်းတာ၊ ကောက်ညှင်းမဟုတ်တဲ့ တခြားဆန်ကွဲတွေကို ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းရောတော့ နိုင်ငံခြားကျတော့ လုပ်ငန်းလုပ်တဲ့အခါကျတော့ လုပ်လို့မရလို့ ပျက်စီးကုန်တာ၊ အဲဒီမှာ ကျနော်တို့နိုင်ငံကို ကောက်ညှင်း ဆန်ကွဲနဲ့ပတ်သက်ရင် Black Lists သွင်းလိုက်တာ၊ ဘယ်သူမှ မဝယ်ဘူး။ လာမဝယ်တော့ တစေ့မှ မရောင်းတော့ဘူး။ ကျနော်တို့က ပို့ကုန်သမားတွေရဲ့ မသမာတဲ့ ဝိသမလောဘတွေကြောင့် ကျနော်တို့ ဈေးကွက်က ပျက်သွားတယ်။ ကောက်ညှင်းဈေးကွက်က မြန်မာနိုင်ငံက နာမည်ပျက်စာရင်း အလုပ်ခံရတယ်။ တရုတ်က ယိုးဒယားက သွားဝယ်တယ်။ ကျနော်တို့ မြန်မာက လုံးဝမဝယ်ဘူး။ အဲဒီတော့ ကောက်ညှင်းဆန်ကွဲဈေး၊ ကောက်ညှင်းဆန်ဈေး ဈေးကွက် လုံးဝပျက်သွားတယ်။”
ဆန်စပါးအသင်းချုပ်နဲ့ နီးစပ်သူတယောက်ကလည်း မြန်မာကောက်ညှင်း အမည်ပျက်စာရင်း အသွင်းခံရတဲ့အခြေအနေကို ဝန်ခံထားပါတယ်။
“ကျနော်တို့ဆီမှာ နိုင်ငံအလိုက် သူ့ဟာသူသွားနေတဲ့ ဆန်၊ ဆန်ကွဲစာရင်းက သူ့ဟာသူ ရှိနေတာပဲ။ ဟုတ်ကဲ့၊ သွားနေတာပါပဲ။ သူ ဘာခေါ်မလဲ၊ သူ ပြဿနာတွေရှိတဲ့ သူတို့ Specification နဲ့မညီတဲ့ ဝယ်သူရောင်းသူ မညီတဲ့ ဟာတွေက သူ့ဟာသူဖြစ်တာကိုး။”
၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိတဲ့ ဆန်လုပ်ငန်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စတင်ကန့်သတ်ခဲ့တဲ့ ဆန်စပါးသိုလှောင်တဲ့ ပမာဏတွေကို စာရင်းပေးသွင်းစေတာကစလို့ ဆန်ဈေး၊ စပါးဈေးကန့်သတ်မှုတွေကို ဘောင်ကျော် ထုတ်ပြန်လာခဲ့ပြီးတဲ့နောက် မြန်မာ့ဆန်စပါးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေ နည်းပါးသွားသလို စပါးဈေးတွေကလည်း ဆက်တိုက်ကျဆင်းလာပါတယ်။
အဲဒီနောက် ၂၀၂၄ ဒီဇင်ဘာလကစလို့ ဆန်နဲ့ ဆန်ကွဲ အများဆုံးတင်ပို့ခဲ့တဲ့ နယ်စပ်ဆန်ကုန်သွယ်မှုဟာ စတင်ရပ်တန့်လာပြီးတဲ့နောက် စပါးဈေးတွေ ကျလာပေမဲ့ ကောက်ညှင်းစပါးဈေးကတော့ အဝယ်ရှိနေပြီး တင်း ၁၀၀ ကို ကျပ် ၃၅ သိန်း ရှိနေတာကြောင့် ဈေးကောင်းတဲ့ ကောက်ညှင်းစပါးကို ၂၀၂၅ မိုးရာသီမှာ ပိုပြီးစိုက်ပျိုးလာကြတာဖြစ်ပါတယ်။
အဲဒီနှစ် ကောက်ညှင်းစပါးတွေပေါ်လာချိန်မှာတော့ ပြီးခဲ့တဲ့နှစ်က ဈေးကောင်းရခဲ့တဲ့ ကောက်ညှင်းဖြူဆန်ကွဲတွေမှာ အရောနှောတွေကြောင့် ဈေးကွက်ပျက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၅ ကောက်ညှင်းစပါးမပေါ်ခင် တအိတ်ကို ကျပ် ၁၃၀,၀၀၀ လောက်ရခဲ့တဲ့ ထိုင်းပွလို့ခေါ်တဲ့ ကောက်ညှင်းဆန်ကွဲတ အိတ်ကို အခုချိန်မှာ ကျပ် ၇၅၀,၀၀၀ လောက်သာရှိပြီး ထက်ဝက်နီးပါး ဈေးကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ကောက်ညှင်းဖြူဆန်ကွဲ အရောင်းအဝယ်ကုန်သည်တယောက်က “တရုတ်မဝယ်တော့ ဝယ်လိုအားနည်းသွားတယ်။ Export မရှိရင်တော့ ဝယ်လိုအားနည်းသွားတယ်။ Local ပဲ ရှိတော့တယ်။ ဝယ်လိုအားနည်းတော့ ဈေးကျတာပေါ့။ နယ်စပ်ကတော့ အိတ်များများ ဝယ်တာပေါ့။ Local ကတော့ လက်လီဆိုင်တွေ လိုသလောက်လေး လုပ်ငန်းသုံးလိုသလောက်ပဲ ဝယ်ကြတယ်။ အဲဒီတော့ ဖြုန်းတဲ့အားနည်းတာပေါ့။ ထွက်တဲ့အားရှိပြီး ဖြုန်းတဲ့အားနည်းတာ့ ဈေးက ကျတာပေါ့။ Export ရှိရင်တော့ နိုင်ငံခြားကကျတော့ Log လိုက်တွေ ဝယ်တော့ အိတ်ရေများများ ရောင်းရတာပေါ့။ အဲဒီကျရင်တော့ ဈေးတန်းက ပြန်မြင့်လာမှာ။ ဒီပုံစံအတိုင်းဆိုရင်တော့ လာမဲ့နှစ် ကောက်ညှင်းက စိုက်တဲ့သူ နည်းသွားလိမ့်မယ်”လို့ ပြောပါတယ်။
မြန်မာ့ကောက်ညှင်းဆန်စိုက်ပျိုးထုတ်လုပ်မှုဧကဟာ အမျိုးသားအဆင့် စာရင်းဇယားတွေမှာ ထုတ်ပြန်ထားတာ မရှိပေမဲ့ မော်ကျွန်း၊ ဘိုကလေး၊ ပုသိမ်၊ ဖျာပုံ စတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေအပြင် ရန်ကုန်တိုင်းအတွင်းရှိ တွံတေးဒေသမှာလည်း အရည်အသွေးကောင်းတဲ့ ကောက်ညှင်းဆန်မျိုးတွေ အစဥ်အဆက် ထွက်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လှည်းကူး၊ လေးထောင့်ကန်စတဲ့ ရန်ကုန်တိုင်းအတွင်း စပါး အကြီးအကျယ် စိုက်ခဲ့ကြတဲ့ ဒေသတွေမှာလည်း ၂၀၂၅ မိုးစပါးရာသီမှာ ဆန်စပါးဈေးမကောင်းလို့ ကောက်ညှင်းစပါးတွေကို ပိုပြီးစိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။
ကောက်ညှင်းဆန်တဧက စိုက်ပျိုးစရိတ်က ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ ကြားမှာရှိလို့ ပေါ်ချိန်မှာ ကောက်ညှင်းစပါး တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းအထိ ဈေးကျဆင်းခဲ့တာကြောင့် အရှုံးခံ မရောင်းခဲ့ကြတဲ့ တောင်သူအချို့မှာ အခုလို ၂၀၂၆ မိုးစပါး စိုက်ပျိုးချိန်အထိ ကောက်ညှင်းစပါးဟောင်းတွေ မကြိတ်ခွဲရဲဘဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။
ဆန်ကုန်သည်တယောက်က “ရှိသေးတယ်၊ ကောက်ညှင်း ၁,၀၀၀ ကျော်လောက် ကျန်သေးတယ်။ ၂,၀၀၀ ဝန်းကျင်လောက်၊ အကြောင်းရင်းက ဈေးနည်းနည်းစောင့်တာလေ။ ဟိုအရင်တုန်းက ပေါ်ပေါ်ချင်း ရောင်းမယ်ဆိုရင် ၁၅ သိန်း၊ ၁၆ သိန်းပေါ့။ ဒါတောင်မှ ကောက်ညှင်းက အမျိုးအစားပေါ်မှာ မူတည်ပြီးတော့ ထိုင်းတို့၊ ကောက်ညှင်းမွှေးတို့၊ လာအိုတို့ ကောက်ညှင်းပေါ်မှာ ဈေးက မူတည်သွားတာလေ။ အခုကျတော့သူက ၁၈၊ ၂၀ ဝန်းကျင်လောက်ပြန်ဖြစ်သွားတယ်လေ။ အဲ့လောက်ဆိုရင်တော့ နည်းနည်း အမြတ်စွန်းရှိတယ်လေ။ အခု ဒါပေမဲ့ ၂၀ လောက်ဆို ရောင်းမယ်လုပ်တော့ ရောင်းမယ်လည်းဆိုရော ဈေးကနည်းနည်း ပြန်အေးသွားတယ်။ အခုက အဝယ်နည်းနည်းပြန်အေးနေတယ်” လို့ ပြောပါတယ်။
မြန်မာကောက်ညှင်းဟာ အမည်ပျက်စာရင်းတင်သွင်းခံရပြီး ဈေးနှုန်းတွေ ကျဆင်းခဲ့ပေမဲ့ စစ်အာဏာရှင်ကတော့ အရေးယူ ဆောင်ရွက်ထားတာမရှိပါဘူး။
ဒါကြောင့် စပါးဈေးကျလို့ ကောက်ညှင်းပြောင်းစိုက်တဲ့တောင်သူတွေမှာ တခြားရွေးချယ်စရာ မရှိတော့ပဲ အရင်းကြီးပေမဲ့ ပြန်ရဖို့မသေချာတဲ့ ဆန်စပါး၊ ကောက်ညှင်း ဈေးကွက်ပျက်စီးမှုနဲ့ ရာသီအစကတည်းက ကြုံတွေ့နေရတာဖြစ်ပါတယ်။
(သတင်းဓာတ်ပုံ အမှားပြင်ဆင်ချက်)
ဇူလိုင် ၂၃ ရက်နေ့ DVB သတင်းတွင် ဖော်ပြခဲ့သော "မြန်မာကောက်ညှင်း အမည်ပျက်စာရင်းအသွင်းခံရပြီး ပြည်ပတင်ပို့ရန် အခက်ကြုံ" သတင်းဓာတ်ပုံတွင် ပါရှိသည့် Nursery ကောက်ညှင်းဆန် အမှတ်တံဆိပ်သည် သတင်းနှင့် သက်ဆိုင်မှုမရှိဘဲ မှားယွင်းစွာ ဖော်ပြမိခဲ့သည့်အတွက် နစ်နာသူများကို အနူးအညွန့် တောင်းပန်ပါသည်။
(DVB)











