
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ရေးကာလ ၃ နှစ်အတွင်း စပါးဈေးနှုန်းဟာ အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ လယ်သမားတွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်က စပါးတွေကို တင်းပို့မဲ့နေရာ မရှိလို့ စပါးဈေးနှုန်းတွေဟာ အနိမ့်ဆုံးအခြေအနေမှာ ရှိနေရာကနေ ဒီလပိုင်းအတွင်းမှာ စပါးဈေးနှုန်းတွေ အမြင့်ဆုံးအခြေအနေကို ရုတ်တရက် ထိုးတက်လာတာလို့ လယ်သမားတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားတယောက်ဖြစ်တဲ့ ဦးကျော်သန်းက “စပါးဈေးနှုန်းက ဒီလပိုင်းအတွင်းမှာ အမြင့်ဆုံးဈေးနှုန်းကို ထိုးတက်လာတာရှိတယ်။ ပြီးခဲ့တဲ့ ၆ လပိုင်းအထိ ပေါ်ဆန်းမွှေးစပါး တောင်း ၁၀၀ ကို ငွေကျပ် ၈ သိန်းဝန်းကျင် ရှိရာကနေ အခု ၈ လပိုင်းမှာ ၁၄ သိန်းအထိ ထိုးတက်သွားတယ်။ စပါးဈေး ၂ ဆနီးပါး မြင့်တက်သွားတာပေါ့။ စပါးလှောင်ပြီး ရှိနေသေးတဲ့ တောင်သူတွေအတွက် အရမ်းအဆင်ပြေသွားပေမဲ့ လယ်သမား အများစုကတော့ စပါးတွေ သိပ်မရှိကြတော့ဘူး။ မိုးရာသီ လယ်စိုက်ပျိုးဖို့ သွင်းအားစုစရိတ် လိုအပ်တာကြောင့် အကုန်လုံး ရောင်းချပြီး သုံးစွဲနေကြရတာ။ အခု ဈေးကောင်းရနေတာက တိုက်ပွဲကာလအတွင်း ပထမဆုံး ဈေးကောင်းရတဲ့နှစ်ဖြစ်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ပေါ်ဆန်မွှေးစပါး တောင်း ၁၀၀ ကို ကျပ်ငွေ ၁၄ သိန်းနဲ့ အိန္ဒိယ ချေ စပါးတောင်း ၁၀၀ ကို ကျပ်ငွေ ၁၁ သိန်းဝန်းကျင်အထိ ရုတ်တရက် မြင့်တက်သွားတာလို့ တောင်သူတွေဆီက သိရပါတယ်။
အခုနှစ် စပါး ဈေးကောင်းရရှိလာတာဟာ ရခိုင်ပြည်နယ်က ဆန်၊ စပါးတွေကို နိုင်ငံခြားနဲ့ ပြည်မ ဒေသတွေကို တင်ပို့နိုင်လို့ မဟုတ်သေးဘဲ လယ်သမားတွေ အရှုံးနဲ့ ၃ နှစ်ဆက်တိုက် ရင်ဆိုင်လာရပြီးနောက် လယ်ယာစိုက်ပျိုးမှု လျော့ကျသွားတာကြောင့် ပြည်တွင်းစားသုံးဖို့ ဆန်၊ စပါး လျော့နည်းမှုတွေကြောင့်လို့ စပါးကုန်သည်တွေနဲ့ လယ်သမားတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းမှု ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ရခိုင်က ထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ စပါးတွေနဲ့ ရေထွက်ပစ္စည်းတွေဟာ နိုင်ငံခြားနဲ့ ပြည်မဒေသတွေကို တင်ပို့နိုင်ခြင်းမရှိဘဲ ရခိုင်ပြည်တွင်းမှာသာ စားသုံးနေကြရတာကြောင့် ဈေးကောင်းမရရှိဘဲ အရှုံးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စပါးဈေး ရုတ်တရက် မြင့်တက်သွားတာကြောင့် ဆန်ဈေးနှုန်းတွေဟာလည်း မြင့်တက်သွားပြီး အခြေခံလူတန်းစားတွေအပေါ် ရိုက်ခတ်မှုရှိလာနေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှ စစ်ဘေးရှောင် ဦးမျိုးသိန်းက ပြောပါတယ်။
“စပါးတွေ ဈေးတက်လို့ ထင်တယ်၊ ဆန်ဈေးတွေလည်း ထိုးတက်သွားတာ ရှိတယ်။ အရင်က ပေါ်ဆန်းဆန် တအိတ်ကို ၁၂၀,၀၀၀ ဝန်းကျင်ကနေ အခု ၁၇၀,၀၀၀ အထိ မြင့်တက်သွားပြီ။ အိန္ဒိယချေ ဆန်ဈေးနှုန်းတွေကလည်း အခု တအိတ်ကို ၁၄၀,၀၀၀ ဝန်းကျင်ဖြစ်နေပြီ။ ဆိုတော့ လက်ရှိက ရခိုင်ပြည်နယ် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာနဲ့ စစ်ရှောင်နေရသူတွေ များပြားတော့ ဆန်ဈေးနှုန်းတွေ မြင့်တက်လာရင် အခြေခံလူတန်းစားအပေါ် ရိုက်ခတ်မှုတွေ ရှိလာတာပေါ့။”
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက လယ်သမားတွေ အရှုံးနဲ့ ဆက်တိုက် ရင်ဆိုင်လာရပြီးနောက် လယ်စိုက်ပျိုးမှုတွေ လျော့ကျလာနေတာကြောင့် ပြည်တွင်းစားသောက်မှု ဖူလုံရေးအတွက်ပါ ရိုက်ခတ်လာနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လယ်ယာ သွင်းအားစုစရိတ်တွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ စက်ပစ္စည်းနဲ့ စက်သုံးဆီ ဈေးနှုန်းတွေဟာလည်း ၂၀၂၃ ခုနှစ်ကထက် ၅ ဆထက်မက ဈေးနှုန်းတွေ မြင့်တက်သွားတာကြောင့် တောင်သူတွေဟာ လယ်ယာစိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေကြရပါတယ်။











