DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် တူးမြောင်းကျိုးပြီး တောင်သူများ စိုက်ပျိုးရေးအခက်ကြုံ
DVB
·
August 23, 2026
Photo: Bomin-CJ
Photo: Bomin-CJ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စိုက်ခင်းတွေကို အဓိက ရေပေးဝေနေတဲ့ မြောင်းမတော် မူးကြီး (ခေါ်) တူးမြောင်းရဲ့ မူးဘောင်ကျိုးသွားတဲ့အတွက် လယ်ယာစိုက်ပျိုးရေးအတွက် ရေအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ 

ဒီလို မူးဘောင်ကျိုးသွားတဲ့အတွက် လက်တံ အမှတ် ၅၊ ၆၊ ၇၊ ၈ မြောင်းတွေအပြင် လှတောတူးမြောင်းနဲ့ မုဆိုးခြုံတူးမြောင်းတွေမှာပါ ရေမလာတော့ဘဲ၊ တောင်သူတွေအနေနဲ့ စက်ရေတွင်းတွေကနေ ရေတင်ပြီး စိုက်ပျိုးနေရတယ်လို့ ဆိုပါတယ်။ 

သြဂုတ် ၃ ရက်က စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီး၊ သဖန်းဆိပ်ဆည် ရေပိုလွှဲကနေ ရေအများအပြား လွှတ်ချလိုက်တာကြောင့် ရွှေဘိုမြို့နယ် စဉ့်တုံရွာအနီးမှာ မြောင်းဘောင် ကျိုးပျက်သွားခဲ့တာပါ။

ရွှေဘိုမြို့နယ်ဟာ စပါးကို အဓိကထား စိုက်ပျိုးတဲ့ဒေသဖြစ်ပြီး တောင်သူတွေဟာ ဇူလိုင်လအတွင်းမှာ ပျိုးထောင်ကာ သြဂုတ်လကုန်မှာ အချိန်မီ စိုက်ပျိုးကြရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မူးဘောင်ကျိုးပြီး ရေမလာတာ တလလောက် ရှိနေပြီဖြစ်သလို၊ လက်ရှိမှာ ပြန်လည်ပြင်ဆင်ပြီးစီးပေမဲ့ ရေတပေလောက်သာ လွှတ်ပေးနိုင်သေးတဲ့အတွက် စက်နဲ့ ရေတင်စိုက်ပျိုးနေရတာပါ။

ဒေသခံတောင်သူတယောက်က “ရေမလာတာ ဘယ်လောက်ကြာဦးမယ်ဆိုတာ မသိရသေးပါဘူး။ တောင်သူတွေ တော်တော်လေး အခက်အခဲ ဖြစ်နေကြပါတယ်။ ဟိုဘက်ကွင်းက စိုက်ပြီးသားတွေတောင် ပပ်ကြားအပ်နေပြီ။ ဒီဘက်မှာလည်း တကွင်းလုံး ရေတင်စိုက်နေရတယ်။ ကိုယ် ရင်းနှီးထားတာလေး မဆုံးရှုံးအောင်တော့ ဖြစ်အောင် လုပ်နေရတာပါပဲ။ တရက်ကို ရေနံ ၄ ဂါလန်လောက် ကုန်တဲ့အပြင် ဆီဈေး၊ လုပ်အားခတွေပါ တက်နေတော့ ကုန်ကျစရိတ်က အရင်နှစ်တွေထက် ပိုများနေပါတယ်” လို့ ပြောပါတယ်။

ရေမလာတဲ့အတွက် စက်နဲ့ ရေတင်စိုက်ပျိုးနေရတဲ့အပြင် စက်သုံးဆီဈေးနဲ့ လုပ်အားခ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်နေတာကြောင့် လယ်တဧကကို ပျိုးထောင်ချိန်ကနေ စိုက်ပြီးချိန်အထိ ကျပ် ၆ သိန်းကနေ ၇ သိန်းကျော်အထိ ကုန်ကျစရိတ် ရှိနေပါတယ်။

ဒါ့အပြင် လယ်ယာလုပ်သားတွေအနေနဲ့လည်း စက်သုံးဆီဈေး ကြီးမြင့်မှုကြောင့် သွားလာစရိတ်တွေ ပိုများလာပြီး ကုန်ဈေးနှုန်း မြင့်တက်တဲ့ဒဏ်ကို ခံနေကြရပါတယ်။ ရေလုံလောက်မှု မရှိတဲ့အတွက် အလုပ်မတွင်ကျယ်ဘဲ ဝင်ငွေနည်းပါးကာ စားဝတ်နေရေး အခက်အခဲတွေနဲ့ပါ ကြုံတွေ့နေကြရပါတယ်။

ကောက်စိုက်သမတယောက်က “ရေမရှိတော့ ဗွက်ထဲမှာပဲ စိုက်နေရတယ်။ တောင်သူတွေက ရေတင်ပေးပေမဲ့ လောက်ငအောင် မတင်ပေးနိုင်တော့ စိုက်ရတာ အတော်လေး ခက်ခဲပါတယ်။ အလုပ်မတွင်ကျယ်တော့ ရတဲ့လုပ်အားခနဲ့ သွားလာရတဲ့ ဆီဖိုးနဲ့တင် စားလောက်ရုံပဲ ရှိပါတယ်”လို့ ရှင်းပြပါတယ်။

လက်ရှိမှာ ဓာတ်ဆီ 92 တလီတာကို ၉,၅၀၀ ကျပ်၊ 95 တလီတာကို ၁၀,၀၀၀ ကျပ်နဲ့ ရေနံ တဂါလန်ကို ၂၈,၀၀၀ ကျပ်အထိ ဈေးပေါက်နေပါတယ်။ 

စပါးဈေးကတော့ အမျိုးအစားအလိုက် တင်း ၁၀၀ ကို ၂၄ သိန်းကနေ ၆၁ သိန်းအထိ ရှိနေပြီး၊ ဆန် ၂၄ ပြည်ဝင် တအိတ်ကို ကျပ် ၁၂၀,၀၀၀ ကနေ ၂၅၀,၀၀၀ အထိနဲ့ စားသုံးဆီ တပိဿာကို ၂၂,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေပါတယ်။

စပါးဈေး ကောင်းနေပေမဲ့ တောင်သူတွေ လက်ထဲမှာ စပါးအနည်းငယ်သာ ကျန်ရှိတော့တာကြောင့် အခြေခံလုပ်သားတွေနဲ့အတူ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013